ငြိမ်းချမ်းရေးဖော်ဆောင်ဆဲကာလ ရှမ်းနှင့် ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွား
February 20, 2012
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား
အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုတွေ ရခဲ့ပြီးလို့ မကြာသေးခင်မှာပဲ
တဘက်နဲ့တဘက် ပစ်ခတ်မှုတွေ ပြန် ဖြစ်နေပါတယ်။
အစိုးရနဲ့ အပစ်အခတ်ရပ်ရေး သဘောတူညီမှု လက်မှတ် ရေးထိုးထားတဲ့
ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့၊ ဒီကေဘီအေ (တိုးတက်သော
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)က တပ်ဖွဲ့တွေနဲ့ နယ်မြေခံ
အစိုးရတပ်၊ နယ်ခြားစောင့် တပ်တွေနဲ့ ဖြစ်ပွားခဲ့တာပါ။
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ ဒီလ ၁၇ ရက်နေ့ မနက်မှာ အစိုးရတပ်
ခလရ ၂၃ က ရှမ်းပြည် တပ်မတော် (တောင်ပိုင်း)က တပ်မှူးတယောက်နဲ့
ဇနီးဖြစ်သူတို့ကို ပစ်ခတ်လို့ နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့
ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
“အပစ်အခတ် ရပ်စဲရေးကို ယုံပြီးတော့ ကျနော်တို့ တပ်မှူးတယောက်
ဈေးဝယ်ပြီး ပြန်လာတာ။ အစိုးရတပ်နဲ့တွေ့တော့ အပစ်ခံရတာ
သူ့မိန်းမကိုလည်း ပစ်သတ်တယ်။ သူ့ဆီမှာ ပါလာတဲ့ ရွှေတွေ၊
ငွေတွေလည်း ယူသွားတယ်။ သေနတ် တလက်လည်း သိမ်းယူသွားတယ်။”
၁၉ ရက်နေ့မှာ အစိုးရတပ်တွေနဲ့ ကျောက်မဲမြို့နယ် ပုံဝိုး
ကျေးရွာအုပ်စု ဝမ့်ဟန်ဖိုက်ရွာနားမှာ တကြိမ်၊
ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းဟိုင်း
တိုက်နယ်ဘက်မှာ တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေဟာ
အစိုးရ တပ်ဘက်က သဘောတူညီချက်ကို မလိုက်နာဘဲ နယ်မြေကျော်လို့
ဖြစ်တာလို့ အက်စ်အက်စ်အေက ပြောပါတယ်။
ဒီကိစ္စကို အစိုးရ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဆီကို ဒီနေ့ စာရေးမေးမြန်းထားတယ်လို့ သူက ပြောပါတယ်။
“အပစ်အခတ် ရပ်စဲရေးကို ယုံကြည်ပြီးတော့ သဘောတူညီထားတဲ့အတိုင်း
ကျေးလက် ဒေသတွေမှာ ကျနော် တို့နေကြတယ်။ မြို့ထဲကိုလည်း
ကျနော်တို့ မသွားဘူး။ ဒါပေမယ့် မလိုအပ်တဲ့ ပြဿနာတွေ ခုတလောမှာ
နယ်မြေ ရှင်းလင်းရေးဆိုပြီးတော့ အစိုးရတပ်တွေက ဒေသတဝိုက်ထဲ
လာပြီး လှုပ်ရှားနေတယ်။ အဲဒါကြောင့် ကျနော်တို့နဲ့ တွေ့တိုင်း
ပြဿနာ ဖြစ်ရတယ်။”
ကျောက်မဲမြို့နယ်ထဲက တိုက်ပွဲကြောင့် အစိုးရတပ် ချောကားပေါ်က
ကားစပယ်ယာ ပုံဝိုးရွာက ရွာသားတဦး သေဆုံးခဲ့ပြီး အပစ်ခံရသူ
ရှမ်းပြည်တပ်မတော် တပ်မှူးနဲ့ ဇနီးသည်တို့ရဲ့ ၅ နှစ်အရွယ်
ကလေးငယ်တဦး မိဘမဲ့ ဖြစ်သွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နဲ့ အစိုးရတပ်အကြား ဇန်နဝါရီ
လလယ်ပိုင်းက နှစ်ဖက် အပစ်အခတ်ရပ်ဖို့ သဘောတူခဲ့ပြီး တိုက်ပွဲတွေ
ဖြစ်နေတာပါ။
ကရင်ပြည်နယ် ဘက်မှာတော့ အပစ်အခတ်ရပ်ဖို့ သဘောတူထားကြတဲ့
ဒီကေဘီအေနဲ့ အစိုးရဘက်က နယ်ခြားစောင့်တပ်အကြား
လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ မနေ့က ညနေပိုင်းနဲ့
ဒီနေ့ နေ့လည်မှာ တိုက်ပွဲဖြစ်ပါတယ်။
အဓိကကတော့ ဒီကေဘီအေရဲ့ စခန်းငါးခုက လက်နက်တွေကို
နယ်ခြားစောင့်တပ်က ဝင်ရောက်သိမ်းပိုက်တဲ့အတွက် ဒါကို မကျေနပ်လို့
နယ်ခြားစောင့်တပ်ရဲ့ လက်နက်သယ်တဲ့ယာဉ်တန်းကို ဒီကေဘီအေက
စောင့်ပစ်တာ အစိုးရဘက်က ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့
ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။
ဒီနေ့ မွန်းတည့်မှာ မြိုင်ကြီးငူဘုန်းကြီးကျောင်းအနားမှာ
စခန်းချတဲ့ ဒီကေဘီအေတပ်ဖွဲ့ကို နယ်ခြားစောင့်တပ်က
စနိုက်ပါနဲ့ဝင်ပစ်သွားလို့ အရာရှိတဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒီကေဘီအေ
ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။
နယ်ခြားစောင့်တပ်က သိမ်းယူသွားတဲ့ လက်နက်တွေကို မြဝတီ
ဆက်ဆံရေးရုံးကနေ တဆင့် ပြန်တောင်းမှာဖြစ်ပြီး ရက်ပိုင်းအတွင်း
ပြန်မရရင် တိုက်ယူမယ်လို့ သူက ပြောပါတယ်။
အပစ်အခတ်ရပ်ကြပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်ရတဲ့အပေါ် ဒီကေဘီအေ
ပြောခွင့်ရ ပြည်ပဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး စောလုံ့လုံက
ခုလိုပြောပါတယ်။
“ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာက တတိုင်းပြည်လုံး
ငြိမ်းချမ်းတဲ့ပုံစံ ဖြစ်ချင်တယ်။ အဲဒီတော့ ဒီလိုမျိုးပုံစံတွေမှာ
ကျနော်တို့ ညီညွတ်ချင်တယ်။ ဘာအနှောင့်အယှက်မှ မရှိဘဲ
အေးအေးချမ်းချမ်းနဲ့ လမ်းကြောင်း လျှောက်ချင်တယ်။ အမျိုးသား
ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ အားပေးချင်တယ်။
ဖြစ်တာကောင်းတာပေါ့။ ဖြစ်ဖို့ကတော့ သက်ဆိုင်ရာ အာဏာပိုင်
အဓိကကတော့ နိုင်ငံတော်က ဒီကိစ္စကို မဖြစ်သင့်တာ မဖြစ်ရအောင်
ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သင့်တယ်။”
သတင်းရင်းမြစ် - ဒီဗွီဘီ
No comments:
Post a Comment