KNU နှင့် DKBA ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး
ကရင် လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့သည် ကွဲထွက်ပြီး ၁၇ နှစ်အကြာတွင် ပထမဆုံး အကြိမ်အဖြစ် နှစ်ဘက် ခေါင်းဆောင်များ တရားဝင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။
ကရင် နှစ်ဖွဲ့အကြား သမိုင်းဝင် တွေ့ဆုံပွဲဖြစ်ပြီး အတိတ်ကာလ
အငြိုးအတေးများကို ချေဖျက်ကာ အနာဂတ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် နယ်မြေ
ဖွံ့ဖြိုးရေး တို့တွင် ညှိနှိုင်း လုပ်ဆောင်သွားကြရန် သဘောတူ ခဲ့ကြကြောင်း
ဆွေးနွေးပွဲ တက်ရောက်သူ KNU တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ က
ပြောပြသည်။
“အတိတ် ကာလက DKBA ခွဲထွက်သွားတဲ့ ကိစ္စတွေမှာ နှစ်ဘက် အားနည်းချက်ကြောင့်
ဖြစ်ခဲ့ပြီး အချင်းချင်း သတ်ဖြတ် ကြတာတွေဟာ သမိုင်းမှာ အမည်းစက်
တခုဖြစ်ခဲ့တယ်၊ အဲဒီအပေါ်မှာ သင်္ခန်းစာ ယူပြီးတော့ အနာဂတ်ကာလမှာ
ညီညီညွှတ်ညွှတ်နဲ့ ညှိနှိုင်း လုပ်ဆောင်ကြဖို့ ဆွေးနွေး ကြတာပါ”ဟု
ဗိုလ်မှူးစောလှငွေ က ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲကို DKBA ကလို့ထူးဘော စစ်ဌာနချုပ် အခြေစိုက်
ဆုံစည်းမြိုင်ရွာတွင် ကြာသာပတေးနေ့က ကျင်းပခဲ့ကြပြီး KNU မှ တွဲဖက်
အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ၊ ဒုတိယ စစ်ဦးစီးချုပ် ဖလော်ခို တို့
ဦးဆောင် တက်ရောက်ကြောင်း၊ DKBA မှ ဗိုလ်ချုပ် စော လားပွယ်(ခေါ်) ဗိုလ်
နှုတ်ခမ်းမွေးက ဦးဆောင် တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။
ထိုဆွေးနွေးပွဲသို့ နိုင်ငံတကာရောက် ကရင်တိုင်းရင်းသား အချို့လည်း
တက်ရောက်ခဲ့ကြပြီး ကရင်နှစ်ဖွဲ့က ၎င်းတို့ အနေဖြင့် ကရင် အမျိုးသားအလံ တခုတည်း
အောက်တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေ
ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
နှစ်ဘက် တပ်များအကြား အတိတ်ကာလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး
ကြားကာလတွင်လည်း နားလည်မှု လွဲမှားကာ ကြိုကြား တိုက်ပွဲများ ရှိခဲ့ကြောင်း၊
ထိုဖြစ်စဉ်များကို ယခုဆွေးနွေးပွဲမှ သင်ပုန်းချေလိုက်ပြီ ဖြစ်ပြီး
အနာဂတ်ကာလတွင် နှစ်ဖွဲ့ အကြား တိုက်ပွဲ ပဋိပက္ခများ ရှိတော့မည် မဟုတ်ဘဲ
တရားဝင် အပစ်ရပ်စဲလိုက်ပြီဖြစ်၍ ညီနောင်တပ်များကဲ့သို့ လွတ်လပ်စွာ ဝင်ထွက်
သွားလာမှုများ ရှိတော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။
နှစ်ဘက် တပ်များအကြား ကွဲထွက်ပြီးနောက် ဗဟိုအဆင့် တွေ့ဆုံ ဆွေးနွေးမှုမျိုး
မရှိခဲ့ဘဲ အောက်ခြေ အဆင့်များဖြင့် ကြိုကြား တွေ့ဆုံခဲ့မှုများသာ
ရှိခဲ့သည်ဟု DKBA နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံလုံ ကလည်း
ပြောပြသည်။
“ဗဟိုအဆင့်အနေနဲ့ တရားဝင်တွေ့ဆုံတာ ဒါပထမဆုံးပါ။ အရင်က မတွေ့ခဲ့ဖူးသေးဘူး။
ဒီတွေ့ဆုံပွဲဟာ တကယ့်ကို ရာဇဝင် သမိုင်း တွင်တဲ့ နေ့တနေ့ပေါ့။ ကျနော်တို့
နှစ်ဖွဲ့အကြား ပြန်လည်ပြီးတော့ နားလည်မှု ယူတဲ့နေ့လို့ ပြောလို့ရပါတယ်”ဟု
ဗိုလ်မှူး စောလုံလုံ က ဧရာဝတီ သို့ ပြောသည်။
DKBA သည် ၁၉၉၅ တွင် KNU မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့်ပူးပေါင်းကာ KNU
ကိုပြန်လည်တိုက်ခိုက်ခဲ့သည်။ KNU မှ ခွဲထွက်လာ သည့် အဖွဲ့များအနက်
အင်အားအကြီးဆုံးအဖွဲ့လည်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်ထဲတွင်ပင်
ယခင်စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ခဲ့သော်လည်း၂၀၁၀
ရွေးကောက်ပွဲမတိုင်မီတွင် အစိုးရက နယ်ခြေားစောင့်တပ် အသွင်ပြောင်းမှုကို
လက်မခံခဲ့သဖြင့် ငြိမ်းချမ်းရေးပျက်ပြားကာ အစိုးရနှင့်
တိုက်ပွဲပြန်ဖြစ်ခဲ့သည်။
KNU အနေဖြင့် ယခုလ ၆ ရက်နေ့က ၂၀၀၇ ခုနှစ်တွင် ၎င်းတို့ထံမှ ခွဲထွက်သွားသော
ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ကရင်ငြိမ်းချမ်းရေး
ကောင်စီနှင့်လည်း နယ်စပ်တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း
ဗိုလ်မှူး စောလှငွေက ပြော သည်။
ထို့အတူ DKBA ကလည်း ဗိုလ်ချုပ်ထိန်မောင် အဖွဲ့နှင့် မကြာမီရက်ပိုင်းအတွင်း
တွေ့ဆုံ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ဗိုလ်မှူး စောလုံလုံ က ပြောသည်။
နားလည်မှု ရယူခဲ့ကြသည့် အဆိုပါ ၃ ဖွဲ့သည် အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုး ထားကြပြီး ဖြစ်သည်။
၂၀၁၀ သြဂုတ်လ ၁၈ ရက်နေ့က နယ်ခြားစောင့် တပ်အသွင်ပြောင်းပြီး မြန်မာအစိုးရ
ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် အမှုထမ်းနေကြသည့် ဥက္ကဋ္ဌ စောသာထူးကျော်၊
ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်မှူးကြီး စောချစ်သူ တို့နှင့် တွေ့ဆုံ
ဆွေးနွေးရန် ဆန္ဒရှိပြီး ကြိုးစား ဆက်သွယ် သွားကြမည်ဟုလည်း KNU နှင့် DKBA
တို့အနေဖြင့် ဆိုသည်။
KNUအဖွဲ့သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး
အတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို
ဆန့်ကျင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။
သတင်းရင်းမြစ် - ဧရာဝတီ
No comments:
Post a Comment