လက်နက်ကိုင်တပ်နှင့် ဆက်စပ်ဖမ်းဆီးခံရသူများ ပြန်မလွတ်သေး
January 20, 2012
ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ထင်ရှားတဲ့ ခေါင်းဆောင်တွေ အပါအဝင်
နိုင်ငံရေး အကျဉ်းသား အများအပြား လွတ်မြောက် လာခဲ့ပေမယ့်
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်စပ် ဖမ်းဆီး ခံရသူတွေ
အများအပြား ကျန်နေသေးတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းက အစိုးရနဲ့ အပစ်အခတ်
ရပ်စဲရေး ပဏာမ လက်မှတ်ထိုးခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး
ခေါင်းဆောင်တွေကို ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းက ကေအန်ယူ
အဖွဲ့နဲ့ ဆက်စပ် ဖမ်းဆီးခံရသူရဲ့ စာရင်းကို ပြုစုပြီး
ပို့ပေးဖို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိ အနေအထားမှာ ကေအန်ယူအနေနဲ့ အကျဉ်းထောင် အသီးသီးမှာ
ထိန်းသိန်းခံထားရတဲ့ ကေအန်ယူ အဖွဲ့ဝင်တွေ အပါအဝင် မတရားအသင်းနဲ့
ဆက်သွယ်မှု၊ ထောက်ပံ့အားပေးမှု၊ ဖောက်ခွဲမှု၊ လူသတ်မှုတို့နဲ့
အမည်တပ် ဖမ်းဆီး ထိန်းခံထားရသူ အားလုံးကို စာရင်းပြုစုနေပြီး
အစိုးရဆီ ပေးပို့သွားမယ်လို့ ကေအန်ယူ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက
ပြောပါတယ်။
“ကျနော်တို့ အေအေပီပီကို လှမ်းမေးထားတယ်။ အေအေပီပီကလည်း သူတို့လုပ်ထားတာ ၄၀ ကျော်ကျော်လောက် ရှိတယ်လို့ ပြောတယ်လေ။ ကျနော်တို့ဆီမှာ ပြုစုထားတဲ့ လူတွေလည်း ရှိတော့ အဲ့ဟာတွေနဲ့လည်း ပြန်တိုက်ကြည့်ရဦးမယ့် သဘောရှိတယ်။ တောင်းလာရင် မမှားစေချင်ဘူးလေ။”
အလားတူ အခုလ ၁၆ နေ့က ပြည်ထောင်စုအစိုးရအဆင့်နဲ့ ငြိမ်းချမ်းရေး
လက်မှတ် ထိုးခဲ့တဲ့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်
ပြန်လည်ထူထောင်ရေးကောင်စီ ကလည်း ၁၃ ရက်နေ့က ပြန်လွတ်လာတဲ့
နိုင်ငံရေး အကျဉ်းသားတွေထဲမှာ သူတို့ တပ်သားတွေ မပါကြောင်းနဲ့
လက်ရှိ အကျဉ်းထောင်မှာ ရှမ်းပြည်တပ်မတော်က အားလုံး ၃၂ ဦးရှိတယ်လို့
ပြောပါတယ်။
အဆိုပါ ၃၂ ဦး ထောင်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ ဦးခွန်စိုင်းက အခုလို ပြန်ပြောပါတယ်။
“ဒုဗိုလ်မှူးကြီး ခွန်ကျော် သို့မဟုတ် သံချောင်းက ၂၀၀၆ ခုနှစ်
ဇန်နဝါရီလ ၃ ရက်နေ့ နှစ်သစ်ကူးနေ့မှာ သူတို့က နမ့်ခမ်းမှာ
လက်နက်ချတယ်။ ဒါပေမယ့် ၂ ရက်နေ့ကျတော့ သူတို့ကို ဖမ်းဆီးပြီး
လားရှိုးပို့ပြီး ရုံးတင်စစ်ဆေးတာပေါ့။ မတ်လ ၄ ရက်နေ့မှာ
သူတို့ကို စီရင်ချက်ချတယ်။
“အကုန်လုံး အမှု ၁၁ မှုလောက်ရှိတယ်ပြောတယ်။ ၁၁ မှုမှာ လူသတ်တာတို့
မူးယစ်ဆေးဝါး ကုန်ကူးတာတို့ ကလေးစစ်သားတို့၊ သူတို့
အကုန်လုံးဖမ်းတာကတော့ ၃၂ ယောက်ဖြစ်တယ်။ ၃၂ ယောက်မှာ ၃
ယောက်ကိုတော့ အသက်ငယ်သေးတယ်ဆိုပြီးတော့ ၇ နှစ် နှစ်ထောင်ချတယ်။
ကျန်တဲ့ ၂၉ ယောက်ကိုတော့ သေဒဏ်ပေးတယ်။ ဗိုလ်မှူးကြီး
ခွန်ကျော်ကတော့ သေဒဏ် ၅ ခါထိတယ်လို့ ပြောတယ်။ ၃ ယောက်ကိုတော့
လားရှိုးထောင်မှာ ဆက်ချထားတယ်။ ကျန်တဲ့လူတွေကိုတော့
မန္တလေးပို့တယ်။ မန္တလေးကနေမှ သူတို့လူခွဲပြီးတော့ တယောက် တနေရာစီ
ပို့တာ။ ဗိုလ်မှူးကြီး ခွန်ကျော်ကတော့ သာယာဝတီမှာ
သွားနေရတယ်ပြောတယ်။ သူနဲ့နေတာလည်း ၄၊ ၅ ယောက်လောက် ရှိတယ်ပြောတယ်။
သေသေချာချာ မသိရဘူးပေါ့ဗျာ။ သူတို့ တပ်မဟာက ၂၄၁ လို့ ခေါ်ပါတယ်။ ”
အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်
တပ်ဦးကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့
ကျောင်းသားတပ်မတော် ရဲဘော်တချို့ ပြန်လွတ်လာပေမယ့် ၃၀ ကျော်
အဖမ်းခံနေရတယ်လို့ ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေး ပါတီကတော့ သူတို့ရဲ့ အကျဉ်းကျနေတဲ့
တပ်သားစာရင်းကို ပြုစုနေပြီး မကြာခင်ထုတ်ပြန်မယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
အေအေပီပီကတော့ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က လွှတ်ပေးသူတွေထဲမှာ ၂၈၇
ဦး စာရင်း ရရှိထားတယ်လို့ ပြောပါတယ်။
အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “ကျနော်တို့
စာရင်းအရဆိုရင်တော့ ၁၀၀၀ လောက်ကျန်တယ်။ သို့သော် ကျနော်တို့
အခုပြန်စစ်နေတယ်။ လုံးဝအတည်ပြုထားတဲ့ စာရင်းတွေအရဆိုရင်တော့ ၆၀၀
ကျော် ၇၀၀ လောက်ကျန်တယ်။ အဓိက ကတော့ လက်နက်ကိုင် တပ်ဖွဲ့ကလူတွေ
ကျန်တယ်။ နောက် ဖောက်ခွဲရေးလို့ စွပ်စွဲထားတဲ့သူတွေ။ နောက်တခါ
တရားမဝင် နယ်စပ်ဖြတ်ကျော် အဲ့ဒါတွေက အများကြီးပါ” လို့ ပြောပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
No comments:
Post a Comment