ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံ အခမ်းအနား
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် 
အဖွဲ့အစည်းတွေ ပြည်တွင်း ပြည်ပက နိုင်ငံရေး ပါတီခေါင်းဆောင်တွေ လူထုအခြေပြု
 အဖွဲ့အစည်းတွေ ပါဝင်တဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံဟာ စက်တင်ဘာ ၁၆ 
ရက်နေ့က  ပြီးဆုံးသွားပါတယ်။ 
ဒီညီလာခံကနေ တိုင်းရင်းသား လူမျိုးတွေရဲ့  ငြိမ်းချမ်းရေး ဆိုင်ရာ 
နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်ပါ လမ်းပြ မြေပုံနဲ့ အဆင့် ၃ဆင့်ပါ 
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထုတ်ပြန် လိုက်ပါတယ်။ 
လက်ရှိအစိုးရက အချက် ၈ ချက်ပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရေးဆွဲထားတာ 
ရှိပေမယ့် ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုတာကြောင့် ဒီတိုင်းရင်းသား ညီလာခံကနေ
 လမ်းပြမြေပုံ ၆ ချက် ထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း  တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC အဖွဲ့ဝင် ဦးခွန်ဥက္ကာ က အခုလို ပြောဆိုပါတယ်။
"သမ္မတကြီး ဦးသိန်းစိန်ရဲ့ တရားဝင် နိုင်ငံတော် ပြန်တမ်းနဲ့ ထုတ်ပြန်တဲ့ ဒီ
 အချက် ၈ ချက်က ကျနော်တို့ဖက်က ကြည့်ရင် ကျနော်တို့နဲ့ တိုင်ပင် 
ဆွေးနွေးတာလည်း မပါဘူး၊ နောက်ပြီးတော့ တော့ပ်ဒေါင်း ပေါ့ဗျာ။ အထက်ကနေ 
အောက်ကို ချပေးတဲ့ ကိစ္စဖြစ်နေတော့ ကျနော်တို့ရဲ့ လိုလားချက်နဲ့ တူညီမှု 
မရှိတာ တွေ့ရတဲ့ အခါကျတော့ အဲ့ဒီ ၈ ချက် အတိုင်း ကျနော်တို့က လိုက်နာ 
လုပ်ဆောင်လို့ မဖြစ်ဘူး၊ ညှိနှိုင်းဖို့ လိုတယ်၊ ဒါကြောင့် ကျနော်တို့ရဲ့ 
တိုင်းရင်းသား လက်နက်ကိုင်တွေဖက်က လမ်းပြမြေပုံပဲ ခေါ်ခေါ်ပေါ့ 
ကျနော်တို့မှာလည်း ၆ ချက် ရှိပါတယ်။ သမ္မတ ကြီး ၈ချက်ကိုလည်း ကျနော်တို့ 
ဆွေးနွေးမယ်၊ ကျနော်တို့ ၆ ချက်ကို လည်း ဆွေးနွေးပါ။ အပြန်အလှန် ညှိတာနဲ့ 
ပေါ်လတီကယ် ဒိုင်ယာလော့ လို့ခေါ်တဲ့ နိုင်ငံရေး 
ဆွေးနွေးပွဲရဲ့ အစပျိုးတဲ့ ခြေလှမ်း ဖြစ်သွားမယ် ဆိုပြီးတော့ ဒါ ဒီ 
ညီလာခံကနေပြီးတော့ ညွှန်ကြားတာပေါ့ဗျာ။"
 
 လမ်းပြမြေပုံ အချက် ၆ ချက် မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ 
နိုင်ငံရေး ပါတီတွေ၊ အမျိုးသမီးနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ဆွေးနွေးပြီး
 “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political 
Dialogue) မှာ ပါဝင်မယ့် အချက်အလက်တွေ ချမှတ်ဖို့၊ ပြည်ထောင်စု 
အစိုးရကိုယ်စား လှယ်တွေနဲ့ 
လက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းထားတဲ့ ကိုယ်စားလှယ်တွေ နှစ်ဖက် 
လက်ခံနိုင်တဲ့ နေရာမှာ တွေ့ဆုံဆွေးနွေးပြီး “တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ  မူဘောင် သဘောထား” (The Framework of Political Dialogue) သဘောတူညီချက် ရရှိဖို့ ပါဝင် ပါတယ်။
 ဒီလို သဘောတူညီမှု ရရှိ ပြီးရင် တိုင်းရင်းသား အင်အားစုတွေ၊ 
 ဒီမိုကရေစီနည်းအရ လှုပ်ရှားနေကြတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့  အစိုးရ 
အဖွဲ့တို့က ကိုယ်စားလှယ်တွေ အသီးသီး  အချိုးကျပါဝင်ပြီး ပင်လုံ 
စိတ်ဓါတ်ကို အခြေခံတဲ့ ပြည်ထောင်စု ညီလာခံတရပ် ကျင်းပပြီး  တိုင်းရင်းသား 
လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက် (Union Accord) ကို အချိန်အတိအကျ သတ်မှတ် အကောင်အထည်ဖော် သွားဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီအချက် ၆ ချက်ပါ လုပ်ငန်းစဉ်တွေကိုတော့ အစိုးရက ခေါ်ယူကျင်းပမယ့် 
ပင်လုံကဲ့သို့သော ညီလာခံ စတင်ချိန်ကနေ သဘော တူညီမှုတွေ ရရှိချိန် အထိ ၃ 
နှစ်လောက် အချိန်ယူ ဆောင်ရွက်မှသာ ပြေလည်မှု ရနိုင်မှာဖြစ်တယ်လို့ 
ဦးခွန်ဥက္ကာ က ဆက်ပြောပါတယ်။
 "ကျနော်တို့ အကယ်၍သာ အကြို ညှိနှိုင်းထဲက နေပြီးတော့
 နိဂုံးချုပ်တဲ့အထိ ကျနော်တို့ ဆက်တိုက် အချိုးကျပေါ့။ ကျနော်တို့ရဲ့ 
decision making မှာ ပါသွားလို့ရှိရင်တော့ တစ်ပြည်လုံး အတိုင်းအတာ ဆောင်တဲ့
 နေရှင်နယ် အကော့ ပဲခေါ်ခေါ် ယူနီယမ်အကော့ ပဲခေါ်ခေါ် အဲ့ဒါကို ရလိုချင်တယ်၊ 
အနည်းဆုံးတော့ လုပ်ငန်းအချိန်ကာလ သုံးနှစ်လောက်တော့ ကျနော်တို့ မှန်းတယ် 
သုံးနှစ်မှာ ပင်လုံကဲ့သို့ ညီလာခံ ဘယ်အချိန်က စစ ချက်ချင်း ပြီးမှာ 
မဟုတ်ဘူး။ နိုင်ငံတကာ အတွေ့အကြုံအရ ဆိုရင်တော့ ဆွေးနွေး ညှိနှိုင်းသွားတာ 
ညီလာခံ ကိုယ်နှိုက်က သုံးနှစ်လောက် ကြာနိုင်တယ်လို့ ကျနော်ထင်တယ်။ 
အဲ့ဒီလောက်မှ ကြေလည်ပြီးတော့ အဖြေ တစ်ခုခုလေး ရပြီးတော့ အတူတူ နေနိုင်မည့် 
နည်းလမ်း အဲ့ဒီမှာ ပေါ်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါကြောင့် အခု 
ကျနော်တို့က စပြီးတော့ ကြိုးစားမှာပဲ။"
ဒီညီလာခံက ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့် သုံးဆင့်မှာတော့ 
 တိုင်းရင်းသား ဒေသတွေမှာ အစိုးရ တပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေ 
ချက်ခြင်းရပ်တန့်ပြီး နှစ်ဖက် တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ် Military Code 
of Conduct ကို ပြဌာန်း လုပ်ဆောင်ရေး၊ အပတ်အခတ် ရပ်စဲစဉ် ကာလမှာ 
ပြည်သူလူထုရဲ့ လုံခြုံရေး၊ လူ့အခွင့်အရေးတွေကို အာမခံချက် ပေးရေး၊ 
လွတ်တော်ပြင်ပမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့ 
အာမခံချက်ပါတဲ့ သဘောတူညီချက်ရရှိရေး တို့ပါဝင်ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ပါဝင် စောင့်ကြည့်ခွင့် ပြုဖို့၊
 မြေယာ အပါအ၀င် သဘာဝရင်းမြစ် အသုံးပြု လုပ်ကိုင်နေတဲ့ စီမံကိန်းတွေ  
ရပ်တန့်ရေး တားမြစ်ဖို့ ကိစ္စတွေ ဆွေးနွေးပြီး  ပဏာမ သဘောတူညီချက်တွေ 
အကောင်အထည် ဖော်သွားဖို့ စတာတွေလည်း ပါဝင် ပါတယ်။
ဒီညီလာခံမှာ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင် က အမျိုးသား တန်းတူမှု၊ နဲ့
 ပတ်သက်တဲ့ စာတမ်း၊ ဆရာမ ဒေါ်မြရာဇာလင်း က Gender Equality ၊  နဲ့ ပတ်သက်သော
 စာတမ်း၊ ဒေါက်တာ ရွှေခါး က လူနည်းစု အခွင့်အရေး Minority Rights ၊ ဆိုင်ရာ 
စာတမ်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က စစ်တပ်ရေးရာ စတာတွေနဲ့ သက်ဆိုင်တဲ့ 
စာတမ်းတွေ တင်ပြခဲ့ပြီး ဒီစာတမ်းတွေကို နောက်ညီလာခံမှာ အတည်ပြုနိုင်ဖို့ 
ဆက်လုပ် ဆောင်သွားမယ်လို့ သိရပါတယ်။
 ဒီညီလာခံက ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို အသစ် ပြန်လည်ဖွဲ့စည်းတဲ့ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က (Working Group for Ethnic Co-Cordination) တာဝန်ယူ လုပ်ဆောင်သွားမယ်လို့   သိရပါတယ်။
Copy from - RFA Burmese











No comments:
Post a Comment