တရားမဝင်သူများနှင့် မဆက်သွယ်ရန် နိုင်ငံရေးပါတီများကို သတိပေး
19 April 2011,တရားမ၀င် အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံတင်ထားသည့်  နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၅  ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ သတိပေး လိုက်ကြောင်း သိရသည်။
“တရားမ၀င် အဖွဲ့အစည်းဆိုတာက ဘာလဲ၊  ဘယ်လိုအဖွဲ့ကို ပြောတာလဲဆိုတာ သေချာရှင်းပြထားတာ မရှိဘူး။ ကျနော်တို့နဲ့  ဆက်သွယ်နေတဲ့ အထဲမှာ တရားမ၀င်တာ တခုမှမရှိပါဘူး” ဟု ဒီမိုကရက်တစ်ပါတီ  (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီ ကိုပြောသည်။
တရားဝင် မှတ်ပုံတင်ထားသော  နိုင်ငံရေးပါတီများသည် တရားမ၀င်သော အဖွဲ့အစည်းများနှင့် မဆက်သွယ်ရဟူ၍ ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် ဖော်ပြထားသည်ကို အခြေခံကာ ယခုအကြိမ်  ထပ်မံအသိပေးလိုက်ခြင်း ဖြစ်သည်။ 
မည်သည့်အတွက်ကြောင့် ယခုကဲ့သို့  သတိပေးသည်ကို မသိရသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့်  မဆက်သွယ်ရန် ရည်ရွယ်သည်ဟု ယူဆရကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက  ပြောသည်။
“ကျနော်တို့နိုင်ငံရေးပါတီတွေ  ပတ်သက်နေတာက NLD ပဲရှိတော့ ဒါကိုရည်ညွန်းပြောတယ်လို့ ထင်တယ်။ ဒါပေမယ့် NLD  ပါတီက အခုချိန်ထိ အစိုးရက ဖျက်သိမ်းတာကို တရားဝင်မကြေညာ သေးဘူးလေ။ ဒီတော့  ကျနော်တို့က သူတို့နဲ့ ပြောဆိုတာတွေ ဆက်လုပ်မှာပါ” ဟု ဦးသုဝေက ဆိုသည်။
“NLD က ရွေးကောက်ပွဲ မ၀င်ပေမယ့်  အစိုးသစ်နဲ့ ဆက်သွယ်တာတို့၊ စာပို့တာတို့လည်း ရှိနေတာပဲလေ။ ဒီတော့ NLD ကို  ရည်ညွန်းတယ် ဆိုရင်လည်း အစိုးရ အနေနဲ့ တိတိကျကျ ဆုံးဖြတ်သင့်ပြီလို့  ထင်တယ်” ဟု ၎င်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီအင်အားစု  (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေကမူ လက်ရှိ သတိပေးစာသည် ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည့် စည်းကမ်းချက်များကို ပြန်လည်  သတိပေးခြင်းသာ ဖြစ်ကြောင်း၊ တရားမ၀င် အဖွဲ့အစည်း ဆိုသည်မှာ ပြည်ပရောက်  အဖွဲ့များနှင့် နယ်စပ်ဒေသ လက်နက်ကိုင် အဖွဲ့များကို ရည်ညွှန်းသည်ဟု  ယူဆကြောင်း ပြောဆိုသည်။
“NLD လို မြို့ပေါ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်တာက ဘာမှမဖြစ်လောက်ဘူးလို့ ထင်တယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
NLD ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲအလွန် ကာလများ၌ နိုင်ငံရေးပါတီများ၊  ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။
NLD ၏ ပြောခွင့်ရသူ  ဦးဉာဏ်ဝင်းကမူ ရွေးကောက်ပွဲကော်မရှင်၏ စာ၌ ၎င်းတို့ပါတီအား ရည်ညွှန်းထားခြင်း  မရှိကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်  သွားမည်ဖြစ်ကြောင်း ပြောသည်။
“NLD ရဲ့လှုပ်ရှားမှုတွေက  နိုင်ငံရေးမဟုတ်ပေမယ့် လူမှုရေးတွေမှာ ရှေ့တန်းရောက်လာတာ တွေ့ရတယ်။  နိုင်ငံတကာ အဖွဲ့တွေ၊ သံတမန်တွေနဲ့တွေ့နေတယ်၊ ပြည်သူတွေရဲ့ထောက်ခံမှုကလဲ  ရှိနေတုန်းပဲ။ ဒီတော့ အစိုးရသစ်က NLDရဲ့ လုပ်ဆောင်မှုတွေကို ဟန့်တားလိုတဲ့  သဘောလို့ယူဆတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ  ဦးနိုင်ငွေသိန်းက ပြောသည်။
အစိုးရသစ်၏ ထောက်ခံမှု မရသော်လည်း လတ်တလော အနေအထားအရ NLD သည်အရေးပါနေဆဲ နိုင်ငံရေး အဖွဲ့အစည်း တခု ဟုလည်း ၎င်းက ဆက်ပြောသည်။
နအဖ စစ်အစိုးရ  ဦးဆောင်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ၌  နိုင်ငံရေးပါတီ တရပ်ရပ်သည် တည်ဆဲဥပဒေအရ မတရားအသင်း ကြေညာခံရခြင်း၊  နိုင်ငံတော်အား လက်နက်ကိုင် ပုန်ကန်နေသောအဖွဲ့ဟု နိုင်ငံတော်က  သတ်မှတ်ထားသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍  ဖြစ်စေ ပတ်သက်ပါက တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက် ခံရမည်ဟု  ဖော်ပြထားသည်။
သတိပေးစာများသည် နိုင်ငံရေးပါတီ  ၃၇ ခု၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်နှင့် ပြည်ထဲရေး ၀န်ကြီးဌာန  စသည့်ဖြင့်လိပ်မူ ပေးပို့ထားပြီး ပြည်ထဲရေးဌာန အနေဖြင့် သေချာစွာ  စောင့်ကြည့်ရန် ဖော်ပြထားသည်ကို တွေ့ရကြောင်း မတူကွဲပြားခြင်းနှင့်  ငြိမ်းချမ်းရေးပါတီ၏ ယာယီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ဆိုသည်။
“အစိုးသစ်က ပေါ်လာပြီဆိုတော့ ပါတီတွေရဲ့ လှုပ်ရှားမှုတွေကို ချုပ်ကိုင်ချင်တဲ့ သဘောလို့ ယူဆတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။
နိုင်ငံရေးပါတီများ အနေဖြင့်လည်း  တရားမ၀င်သည့် အဖွဲ့အစည်းများကို တိတိကျကျ သိထားရန် လိုအပ်ကြောင်း၊  သို့ဖြစ်၍ တရားမ၀င်သည့် အဖွဲ့များကို သိရှိရန် အစိုးသစ်ထံ  တောင်းဆိုသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။
“ဥပမာ NLD ကိုရည်ညွန်းတယ်ဆိုလည်း  NLD ကိုတရားမ၀င်တော့ဘူးလို့ ကြေညာသင့်တယ်။ NLD ရုံးက မှတ်ပုံတင် ထားတဲ့  ပါတီရုံး မဟုတ်ပေမယ့် တနေ့ တနေ့ကို ဆန်တတင်းချက်လောက် ထမင်းကျွေးနေတာတွေ  တွေ့ရတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။
NLD အပါအ၀င် နိုင်ငံရေးပါတီ ၁၀  ခုအား ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မရှိ၍ နိုင်ငံရေးပါတီအဖြစ်မှ  ပယ်ဖျက်ပြီး ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက ကြေညာခဲ့သည်။
အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုသည့်  မတ်လ ၃၀ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တင်အေးကို ရွေးကောက်ပွဲ  ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခင်  ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှာ ဦးသိန်းစိုး ဖြစ်သည်။
သတင်းရင်းမြစ် - ဧရာဝတီ










No comments:
Post a Comment