နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု စိတ်ပျက်စရာကောင်းဟု လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

စစ်အစိုးရက ၎င်းအား မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်
မပေးသည့်အတွက် ‘လွန်စွာ စိတ်မကောင်းကြောင်း’ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် တောမတ်စ် ကင်တားနား (အလယ်) က ရန်ကုန် လေဆိပ်တွင် ၂၀၀၉ ခုနှစ်
ဖေဖော်ဝါရီ ၁၉ ရက်က ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
2011-10-12
မြန်မာနိုင်ငံက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းထောင် အသီးသီးက
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်
လာတာနဲ့ပတ်သက်ပြီး အမေရိကန်ပြည် ထောင်စု နယူးယောက်မြို့ အခြေစိုက်
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး HRW က စိတ်ပျက်စရာ
ဖြစ်ရကြောင်း RFAကို ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ Mr. David Mathieson က
နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ မြန်မာအစိုးရအပေါ် တကမ္ဘာလုံးက
တောင်းဆိုနေခဲ့တာ ဖြစ်ပြီး လပေါင်း များစွာ မျှော်လင့် စောင့်စား
နေခဲ့ကြကြောင်း၊ နိုင်ငံတကာ အလယ်မှာ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကိစ္စဟာ
အပေးအယူ သဘောမျိုး ရှိနေခဲ့တဲ့အတွက် ဒီကိစ္စကို အမှန်တကယ် စေတနာရှိရှိ
ဆောင်ရွက်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာ
ဖြစ်ကြောင်း၊ ဒီကိစ္စ မြန်မာအစိုးရအတွက် အလွန်လွယ်ကူပြီး
အကျိုးအများကြီးရမယ့် ကိစ္စဖြစ်ကြောင်း မစ္စတာမက်သီဆန်က ပြောပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး AI ကလည်း မြန်မာနိုင်ငံမှာ ဒီကနေ့
နိုင်ငံရေး အကျဉ်းသား လွှတ်ပေးနေတာဟာ နိုင်ငံတကာကို ပေးထားတဲ့ ကတိတွေနဲ့
ရှေ့နောက်မညီတာ တွေ့ရတယ်လို့ ဝေဖန်လိုက်ပါတယ်။
AI အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ သုတေသန ပညာရှင် Benjamin Zawacki က
“ကျနော်တို့အနေနဲ့ အရှိအတိုင်း လွတ်ပေးသမျှအတွက် ကြိုဆိုပါတယ်။ ဒါပေမယ့်
သတိထားမိတာက အခုလွှတ်ပေးတာဟာ အကျဉ်းချထားတဲ့ အရေအတွက်ထက် ရာခိုင်နှုန်း
အနည်းငယ်သာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
လုပ်နေပါတယ်။ အကျဉ်းသားတွေ လွှတ်ပေးပါမယ်ဆိုပြီး ကတိကဝတ်တွေ ပေးနေတာနဲ့
ရှေ့နောက် မညီတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။
ဒီနေ့လွတ်တဲ့ အခြေနေနဲ ပတ်သက်လို့ အာဂျင်တီးနားနိုင်ငံက
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tomas
Quintana ကတော့ လွတ်တဲ့စာရင်းမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ
တွေ့ရကြောင်း၊ ဒီကိစ္စကို ကျနော်တို့ သတိထား စောင့်ကြည့်ဖို့လိုပြီး ပြန်လည်
စိစစ်ဖို့ လိုကြောင်း RFA ကိုပြောကြားပါတယ်။
နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ ကိစ္စဟာ ထောင်ကျနေတဲ့ သူတွေအတွက်သာ
မဟုတ်ဘဲ မြန်မာနိုင်ငံသား အားလုံးနဲ့ နိုင်ငံတကာအတွက် အဓိကကျတဲ့
ကိစ္စရပ်ကြီးဖြစ်ပါတယ်။ ဒီလိုလွှတ်ပေးတာဟာ မြန်မာနိုင်ငံမှာ တကယ် ပြောင်းလဲတာ
ဟုတ်မဟုတ် အများက ဆုံးဖြတ်ကြမယ့် ကိစ္စရပ်ဖြစ်ပြီး ကျနော့်အနေနဲ့
ဒီအခြေအနေမှန်တွေကို နိုင်ငံတကာ အသိုင်းဝိုင်းကို အမှန်အတိုင်း မကြာခင်
အစီရင်ခံ တင်ပြသွားမှာ ဖြစ်ပါတယ်လို့ မစ္စတာကင်တားနားက ပြောကြားပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ဒီကနေ့
အကျဉ်းထောင်တွေကနေ နိုင်ငံရေး အကျဉ်းသား လွတ်လာတာနဲ့ ပတ်သက်လို့
ကုလသမဂ္ဂလူ့အခွင့်ရေး အထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာ လူ့အခွင့်ရေး
အဖွဲ့ကြီးတွေက တုံ့ပြန်ချက်တွေကို ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်း
တင်ပြထားပါတယ်။
Copy from - rfa.org/
No comments:
Post a Comment