၁၂၁ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများ ကျင်းပ
၁၂၁ ကြိမ်မြောက် မေဒေးနေ့ ကျင်းပနေစဉ် (ဓါတ်ပုံ-ရိုးမ ၃) 
ယနေ့ကျရောက်သည့် (၁၂၁) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)  အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် (၃)နေရာခွဲ၍ ဒီကနေ့ မနက်ပိုင်းတွင်  ကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်းအခမ်းအနားများကို ထိုင်း-မြန်မနယ်စပ်အခြေစိုက်  အလုပ်သမားရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော  အဖွဲ့အစည်းများ (၁၅) ခုတို့က ပူးပေါင်းကာ ရောင်ခြည်ဦး  အလုပ်သမားများအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သလို မြန်မာနိုင်ငံ အလုပ်သမား  သွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) ကလည်း မေဒေးနေ့ အခမ်းအနားကျင်းပခဲ့သည်။
မဲဆောက်မြို့လယ် အစိုးရအထက်တန်းကျောင်းတွင် (၁၂၁) ကြိမ်မြောက် မေဒေးနေ့  အထိမ်းအမှတ်အခမ်းအနား တရပ်ကို တပ်ခ်ခရိုင်ဝန်ကိုယ်တိုင်  တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားအရေး လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော  အဖွဲ့အစည်းများနှင့် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းတို့က ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ဘောလုံးပွဲ၊  ပိုက်ကျော်ခြင်းစသည့် အားကစားပြိုင်ပွဲများအပြင် မြန်မာ့ရိုးရာ  အဆိုအကများနှင့် ပျော်ရွှင်စွာကျင်းပခဲ့ပြီး မြန်မာရွေ့ပြောင်း အလုပ်သမား  (၆၀၀)ကျော် တက်ရောက်ခဲ့သည်။
မေဒေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရောင်ခြည်ဦး  အလုပ်သမားများအဖွဲ့ ရုံးတာဝန်ခံ ကိုမျိုးဇော်က “ဒီနေ့ဟာ ကျနော်တို့  အလုပ်သမားတွေအတွက် နေ့ထူးနေ့မြတ် တနေ့ပါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော်က  အလုပ်သမားအခွင့်အရေးတွေအတွက် အသက်သွေးချွေးတွေ ပေးဆပ်ခဲ့တဲ့ သူတွေကို  ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာ ဖြစ်တယ်” ဟုပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမားသန်းချီလာရောက်  အလုပ်လုပ်ကိုင်နေလျှက်ရှိပြီး အလုပ်ရှင်များ၏ ဖိနှိပ်မှု၊  အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများကို ခံစားနေရသည်ဟု ၎င်းက ဆက်ပြောသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက တပ်ခရိုင် မဲဆောက်ဒေသတွင်းမှာ  တနေ့အလုပ်ချိန် (၈)နာရီအတွင်း လုပ်ခကြေးငွေ (၁၆၂) ဘတ်ပေးရန်  သတ်မှတ်ပြဌာန်းထားသော်လည်း လက်ရှိအလုပ်သမားတွေ အဆိုပါရပိုင်ခွင့်များ  ဆုံးရှုံးနေရသည့် အခြေအနေကို မဲဆောက်ဒေသတွင်း အထည်းချုပ်စက်ရုံ  အလုပ်သမားတဦးက “တနေ့ကို အလုပ်ချိန်က မနက် (၈)နာရီကနေ ည (၁၂) နာရီထိ  ဆင်းရတယ်။ အော်ဒါကျတယ်ဆိုပြီး တချို့ရက်တွေဆို မိုးတလင်းလုပ်ရတယ်။  လုပ်အားခကကျတော့ ဒါဇင်စား ပေးတယ်၊ ထိုင်းအစိုးရသတ်မှတ်တဲ့  တရက်လုပ်အားခနှုန်းနဲ့ မရဘူး တနေ့လုံးလုပ်မှ (၈၀)လောက်ပဲရတယ်၊  ကျန်းမာရေးမကောင်းဘူးဆိုလည်း သူတို့ အလုပ်ကျတဲ့ရက်ဆိုရင် ခွင့်မရဘူး  ဘယ်ဆေးခန်းမှလည်း လိုက်ပို့တာ ကျန်းမာရေးစောင့်ရှောက်တာ မရှိဘူး  အဲဒီအခွင့်အရေးတွေ ဆုံးရှုံးနေတုန်းဘဲ”ဟု ပြောသည်။
အလုပ်သမားများအနေဖြင့် ယခုကဲ့သို့ အလုပ်သမားများနှင့်သက်ဆိုင်သည့်  အခမ်းအနားကို တက်ရောက်သင့်ကြောင်း ကိုမျိုးဇော်က “ကျနော်တို့  ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒီလိုအခမ်းအနားကို ပူးပေါင်းပါဝင်ဖို့  တိုက်တွန်းပြောချင်ပါတယ်၊ ဒီအခမ်းအနားကနေ အလုပ်သမားတွေ ဆုံးရှုံးနေရတဲ့  အခွင့်အရေးတွေ၊ ဖိနှိပ်ခံရမှုတွေအတွက် စိတ်ဓါတ်ခွန်အားတွေကို  ဒီလိုအခမ်းအနားတွေက ပေးနေတာပါ” ဟု ပြောသည်။
ထို့အပြင် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့အနေဖြင့် အလုပ်သမား၏  ဆုံးရှုံးနေသည့်အခွင့်အရေးများအတွက် လိုက်လံဆောင်ရွက်မှုများ  ပြုလုပ်ပေးနေလျှက်ရှိပြီး ၂၀၁၀-၁၁ ခုနှစ်အတွင်း ဆဝါဒီကမ်တွင် (၁၀)မှု၊  တရားရုံးတွင် (၄) မှု အောင်မြင်ခဲ့ကြောင်း ကိုမျိုးဇော်က ပြောသည်။
“အမှုတွေက အလုပ်ရှင်တွေက အလုပ်သမားအပေါ်ချိုးဖောက်တဲ့ အမှုတွေဖြစ်လို့  အလုပ်သမားတွေအနေနဲ့ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကို တိုင်ကြားဖို့  လိုပါတယ်။ အလုပ်ရှင်တွေက အမှုကြာအောင် အချိန်ဆွဲထားတာတွေတော့ ရှိတယ်”  ဟုပြောသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ယနေ့ကျရောက်သည့်  မေဒေးနေ့အတွက် ထုတ်ပြန်ကြေညချက်တွင် မြန်မာနိုင်ငံတွင်း  အမြဲတမ်းအလုပ်သမားအကျိုး ကာကွယ်စောင့်ရှောက်သွားမည့် နိုင်ငံလုံးဆိုင်ရာ  အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း  ယမန်နေ့က ကြေညာခဲ့သည်။
 သတင်းရင်းမြစ် ရိုးမ၃ 











No comments:
Post a Comment