အကျဉ်းသားရပိုင်ခွင့်များအတွက် အကျဉ်းသားများ ဆန္ဒပြနေ
အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးများရရှိရန်အတွက်  နိုင်ငံရေးအကျဉ်းသား ၂၂ ဦးက ယနေ့မှ စ၍ ဆန္ဒပြတောင်းဆိုမှုများ  ပြုလုပ်နေလျှက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ  ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန် ကြေညာသည်။
နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ယနေ့တွင် အခန်းတွင်းမှ အပြင်မထွက်ဘဲ  ပထမအဆင့် ဆန္ဒပြနေခြင်းဖြစ်ပြီး မနက်ဖြန် (၂၂) ရက်နေ့မှ စတင်ကာ  အစာငတ်ခံဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်  ဆက်လက်ဖော်ပြထားသည်။
အကျဉ်သားများအနေဖြင့် (၁)ထောင်မှ နေ့စဉ်ကျွေးမွေးသော အစားအစာများကို  အကျဉ်းဦးစီးဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ပြည့်ပြည့်ဝဝ  ကောင်းမွန်စွာ ချက်ပြုတ်ကျွေးမွေးရန်နှင့် အသီးအရွက်ကြော်  အပတ်စဉ်ကျွေးမွေးရန်။ (၂) လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ  စီမံချုပ်လုပ်ထားသော ထောင်တွင်းသတ်မှတ်ပုံစံ ဝတ်စုံအား ၆ လ တစ်ကြိမ်  အကျဉ်းသားများအား ထုတ်ပေးရန်။ (၃) ပျမ်းမျှအကျဉ်းသားဦးရေ ၁၁၀  ခန့်ထားရှိသော အခန်း ၃၀ ပေ x ၅၅ ပေ အတွင်း ကြွက်၊ ခြင်၊ ကြမ်းပိုး  အန္တရာယ်ကင်းဝေးစေရန်အတွက်  ကောင်းမွန်သော အခင်းထားရှိရန်၊ ခြင်အန္တရာယ်  ကင်းဝေးစေရန် ပန်ကာ (သို့မဟုတ်) ခြင်ထောင်ထားရှိပေးရန်။ (၄) တရားဝင်  ဗလာစာအုပ်၊ ခဲတံ ကိုင်ဆောင်ထားရှိခွင့်နှင့် ရေးသားခွင့်ပေးရန်။ (၅)  လျှော့ရက်ခံစားခွင့်မရရှိသော သီးသန့်/သာမန်သီးသန့် အကျဉ်းသားများအား  သီးခြားထားပေးရန်။ (၆) လျှော့ရက်ခံစားခွင့် မရရှိသော သီးသန့်/သာမန်သီးသန့်  အကျဉ်းသားများအား ထောင်ဝင်စာတွေ့ဆုံရာတွင် နိုင်ငံခြားသား  အကျဉ်းသားများနည်းတူ လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးရန် အချက်(၆) ချက်ကို  တောင်းဆိုထားသည်။
ထို့အပြင် ယခုလ ၁၇ ရက်နေ့မှ စ၍ အင်းစိန်ထောင် အမျိုးသမီးသီးသန့်အဆောင်  (၇)တွင် နိုင်ငံရေးအကျဉ်းသူ လေးဦးက အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုများ  ပြုလုပ်နေလျှက်ရှိကြောင်း ထောင်ဝင်စာသွားတွေ့သူ တဦးက ပြောသည်။
“အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေက လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို  မကျေနပ်လို့ ဆန္ဒပြတာ၊ အဲဒီမှာ ထူးခြားတာက သာမန်ရာဇဝတ်အကျဉ်းသူတွေပါ  ပါလာတယ်၊ သူတို့ မိသားစုဝင်တွေကိုတော့ မနေ့က ထောင်ဝင်စာသွားတွေ့တော့  ပေးမတွေ့တော့ဘူး” ဟု ထောင်ဝင်စာသွားတွေ့ခဲ့သူက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီ ထောက်ခံချက်ဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက  သမ္မတဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် အကျဉ်းသား ၁၄,၆၀၀ ဦး  လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးသာ ပါဝင်ပြီး ၎င်းတို့မှာ  လွတ်ရက်စေ့သူများဖြစ်သည်။(AAPP) စာရင်းများအရ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂,၀၆၁ ဦးရှိပြီး အမျိုးသမီးအကျဉ်းသူ (၁၃၈) ဦးရှိသည်။
သတင်း ရင်းမြစ် ရိုးမ၃










No comments:
Post a Comment