တိုင်းရင်းသားများနှင့်အစိုးရ ပဋိပက္ခ ညှိနှိုင်းပေးရန် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အခမ်းအနားတခု၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် 
(ဓာတ်ပုံ - ဧရာဝတီ)
28 July 2011,
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလတ်တလော 
တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲရေးအတွက် 
ကြားဝင်ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း ယနေ့ ထုတ်ပြန်သည့် အိတ်ဖွင့် 
ပေးစာဖြင့် ကမ်းလှမ်းလိုက်သည်။ 
“အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် 
ကျမအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုး ပမ်းပေးရန် အသင့်ရှိပါသည်” ဟု 
ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့် ပေးစာတွင် ဖော်ပြ ထားသည်။ 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် 
ဦးအုန်းကြိုင်က “ဒီကနေ့ ထုတ်ပြန် လိုက်တဲ့ အိတ်ဖွင့် ပေးစာကို နိုင်ငံတော်
 သမ္မတ ဦးသိန်းစိန် ဆီကိုတော့ တရားဝင် လမ်းကြောင်းက ပေးပို့ပြီး ဖြစ်ပါတယ်”
 ဟု ဧရာဝတီ ကိုပြောသည်။ 
အဆိုပါ အိတ်ဖွင့်ပေးစာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကချင် 
လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ 
(NMSP)၊ ရှမ်းပြည် တပ်မတော် (SSA) ဟူ၍ လိပ်မူကာ ပေးပို့ထားသည်။ 
KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က “ဒေါ်အောင်ဆန်းစုကြည်က
 အခုလို ကြားဝင်ဖို့ အဆင်သင့် ဆိုတော့ ကျနော်တို့ အတွက်တင် မကဘူး၊ 
တိုင်းရင်းသား အားလုံးအတွက် သိပ်ကောင်းပါတယ်။ ကျနော်တို့ကတော့ 
ကြိုဆိုပါတယ်” ဟု ဆိုသည်။ 
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးစောလှငွေ
 ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် လေးစားယုံကြည်ရသူ တဦးဖြစ်သောကြောင့် 
ယခုကဲ့သို့ ပြည်တွင်းစစ် ရပ်စဲရေး အတွက် ကြားဝင်လုပ်ဆောင်ပေးရန် 
ကမ်းလှမ်းသည်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ဧရာဝတီကို ပြောသည်။ 
ပြည်တွင်းစစ်၏ ကျယ်ပြန့် လာမှုသည် ယခုနှစ်တွင် အလွန် သိသာ လာသည့်အတွက် 
ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှုကို ကျန်သည့် တိုင်းရင်းသား လက်နက်ကိုင် 
အဖွဲ့များအနေနှင့်လည်း KNU ကဲ့သို့ အလေးအနက် စဉ်းစား လုပ်ဆောင် သွားကြမည်ဟု
 မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။ 
မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာက
 “ကျနော်တို့ကလည်း ငြိမ်းချမ်းရေး လိုချင်နေတာပဲ။ အခုလို 
ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် ကူညီပေးမယ်ဆိုတော့ လှိုက်လှိုက်လှဲလှဲ 
ကြိုဆိုတယ်” ဟု ဆိုသည်။ 
ငြိမ်းချမ်းရေး ရရှိစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင် စေ့စပ်ဆွေးနွေးရေး 
အဆင်သင့် ဖြစ်နေသည်ဟု သိရသည့်အတွက် ၀မ်းသာ ကြိုဆိုကြောင်း၊ 
ကျေးဇူးတင်သည့်အပြင် ထောက်ခံကြောင်း SSA ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစိုင်းထူးက ဧရာဝတီကို ပြောသည်။ 
နိုင်ငံရေးနည်းနှင့် မည်သို့မှ ဖြေရှင်း မရဖြစ်နေသောကြောင့် ယခုကဲ့သို့ 
စစ်ပွဲများ ဆက်တိုက် ဖြစ်လာရကြောင်း၊ ၎င်းတို့ အနေဖြင့် တနိုင်ငံလုံး 
အတိုင်းအတာနှင့် စစ်မှန်သည့် ပြည်တွင်းစစ် ရပ်စဲရန် လိုလားသည့် 
အဖွဲ့ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အစစ်အမှန် ပေါ်ပေါက်ရေးသည် 
ဦးသိန်းစိန် အစိုးရအပေါ် မူတည်ကြောင်း၊ နိုင်ငံတကာတွင် ထင်ရှား သည့် 
ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ပုဂ္ဂိုလ်မျိုးက ကြားဝင် ဆောင်ရွက်မည် 
ဆိုသည့်အတွက် အခြေအနေ ပိုကောင်းသည်ဟု ထင်မြင်မိကြောင်း သူက ဆိုသည်။ 
မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပေါင်းစပ်စုစည်းထားသည့် 
နိုင်ငံဖြစ်သည့်အားလျော်စွာ အချင်းချင်း ချစ်ကြည်ရင်းနှီး သွေးစည်း 
ညီညွတ်ရေးသည် အလွန် အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့် 
ပေးစာတွင် ဖော်ပြထားသည်။ 
တိုင်းရင်းသားဒေသများတွင် ယခုဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် 
ဒေသခံ တိုင်းရင်းသားများ အတိဒုက္ခ ရောက်နေကြရပြီး ယင်းပြဿနာများမှာ 
အိမ်နီးချင်း နိုင်ငံများအထိပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ် 
ရှိနေကြောင်းလည်း အဆိုပါ အိတ်ဖွင့် ပေးစာက ဆိုသည်။ 
မကြာသေးမီက KIO နှင့် မြန်မာအစိုးရကြား ငြိမ်းချမ်းရေး စကားပြောဆိုမှုများ 
ပြုလုပ်ခဲ့သော်လည်း ယခုထိ ပြေလည်သည့် သတင်းများ ပေါ်ထွက်လာခြင်း မရှိသေးပေ။ 
အလားတူ ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်လည်း အစိုးရက 
ငြိမ်းချမ်းရေးစကားနှင့် ပတ်သက်၍ ခိုင်မာသည့် သဘောတူညီမှုမျိုး ယခုထိ 
ပေါ်ထွက်လာခြင်း မရှိသေးပေ။ 
ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို အင်အားသုံး ဖြေရှင်းကြလျှင် နှစ်ဦး နှစ်ဖက် 
အကျိုး ဆုတ်ယုတ်နိုင်ပြီး အမျိုးသား ရင်ကြားစေ့ရေး တည်ဆောက်၍ 
မရနိုင်ကြောင်း၊ နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း ဖြေရှင်းမှသာ 
တည်ဆောက်၍ ရနိုင်မည်ဖြစ်ကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ပြေလည်မှု 
မရရှိလျှင် ပြည်တွင်းစစ်မီး ကျယ်ပြန့်သွားမည့် အန္တရာယ် ရှိနိုင်ကြောင်း 
ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပေးစာတွင် ထောက်ပြထားသည်။ 
သို့အတွက် အမြန်ဆုံး အပစ်အခတ် ရပ်စဲကြရန် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် မေတ္တာ ရပ်ခံပန်ကြား ကြောင်း ဖော်ပြထားသည်။ 
အိတ်ဖွင့်ပေးစာပါ ရည်ညွှန်းထားသည် သက်ဆိုင်ရာအဖွဲ့တချို့သို့ 
ဒေါ်အောင်ဆန်းစုကြည်၏ အိပ်ဖွင့်ပေးစာ မရောက်ရှိ သေးကြောင်း ဧရာဝတီက 
စုံစမ်းသိရှိရသည်။ 
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အိပ်ဖွင့်ပေးစာ ပေးပို့လိုက်ခြင်းသည် 
မြန်မာအစိုးရ ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံအပြီး တပတ်အတွင်း 
ပေါ်ထွက်လာခြင်း ဖြစ်သည်။
သတင်းရင်းမြစ် - ဧရာဝတီ











No comments:
Post a Comment