Sunday, 03 July 2011 , 
 
ဆရာရေ ဇွန် ၂၈ ကြံ့ဖွံ့အစိုးရသစ်ရဲ့ အကြောင်းကြားစာနဲ့  ချက်ခြင်းလိုလိုပဲ အင်န်အယ်ဒီပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့  ပြန်လည် ပြန်ကြားချက် ထွက်လာတယ်။ ဒါကို ဆရာတို့အနေနဲ့ ဘယ်လိုမြင်သလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိုင်ငံရေးလုပ်ငန်းတွေ၊ နိုင်ငံတကာက သံတမန်တွေ၊ ဧည့်သည်တွေနဲ့  တွေ့ဆုံနေတာတွေကို ဟန့်တားတဲ့ သဘောပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နယ်ခရီးစဉ်တွေ စတင်မယ်လို့ ထုတ်ပြောထားတဲ့အတွက် အဲသည်နယ်ခရီးစဉ်တွေကို  ဟန့်တားလိုက်တာပဲ။ ဒေါ်စုကို ဒါတွေ မလုပ်နဲ့လို့ ပြောလိုက်တာအပြင်  ဒေါ်စုနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေ၊ ကွန်ယက်တွေကိုပါ  သတိပေးလိုက်တာပဲ။ ဒေါ်စုနဲ့ လုပ်ငန်းတွေဟာ တရားမ၀င်ဘူး။ ဒါတွေကို  ပတ်သက်နေရင် ဖမ်းဆီး အရေးယူနိုင်တယ်လို့ ဆိုလိုတာပဲ။ လူထုကိုလည်း  တားဆီးလိုက်တာပဲ။ ဒီလိုမျိုးမြင်ပါတယ်။  
 အရပ်သားစစ်တပ်အစိုးရသစ်  ဆိုပြီးတော့ အခုလိုမျိုး တင်းတင်းမာမာ ပထမဦးဆုံးအကြိမ်  ထုတ်ဖော်ပြောလိုက်တာ ဖြစ်တော့ ဒါ အစိုးရအဖွဲ့၊ လွှတ်တော်၊ စစ်တပ်မှာ  ဘယ်သူရဲ့ အာဘော်အဓိကဖြစ်မယ် ထင်သလဲ။              ဟုတ်တယ်။ အဲသည်စာရဲ့ လာရာလမ်းကြောင်းကို ပြန်ကြည့်မှ ဒီစာရဲ့ နောက်ကွယ်က  သဘောထားကို မြင်နိုင်မယ်ထင်တယ်။ စာက ပြည်ထဲရေးကလာတာ ဖြစ်တယ်။  ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ကိုကို။ သူက စစ်တပ်က အနားမယူသေးဘဲနဲ့  အစိုးရ၀န်ကြီးတာဝန်ကို တိုက်ရိုက်ထမ်းဆောင်နေတာ။ အဲသည်လိုမျိုး  စစ်တပ်က တိုက်ရိုက်ခန့်တဲ့ ၀န်ကြီး ၄ ဦးရှိတယ်။ ပြည်ထဲရေး၊ နယ်စပ်ဒေသ၊  ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွေ ဖြစ်တယ်။ သူတို့ဆီက လာတဲ့  အာဘော်ဟာ စစ်တပ်ရဲ့ အာဘော်ဖြစ်တယ်လို့ ဆိုနိုင်တယ်။               ၀န်ကြီးချူပ်သိန်းစိန်ကကျတော့ စစ်တပ်ကထွက်ပြီး အရပ်သားဝန်ကြီးချုပ်လို့  ပြောချင်ရတာပေါ့။ သူတို့တတွေက ပျော့ပျော့ပြောင်းပြောင်းနဲ့  ပြောဆိုနေတာတွေ ရှိနေတယ်။ သိန်းစိန်တို့က မတားမြစ်လို့ ဒေါ်စုက  နိုင်ငံရေးအလုပ်တွေ ပိုပြီး လုပ်ကိုင်လာနိုင်တယ်လို့  စစ်တပ်အင်အားစုတွေဖက် တွက်လာနေပုံရတယ်။ ဒါကြောင့် 
ငါတို့က ၀င်ပြီး ပြောစရာရှိတာ ပြောလာတာလားလို့ တွက်စရာ ရှိတယ်။                ဒေါ်စုက နိုင်ငံတကာနဲ့ ဆက်သွယ် လှုပ်ရှားမှုတွေကို သိန်းစိန်တို့က  ဘာမှဝင်ရောက် ပြောဆိုခြင်းမရှိလို့ သူတို့စစ်တပ်အင်အားစုအပိုင်းက  စစ်ခေါင်းဆောင်ပိုင်းလို့ ပြောမလား၊ စစ်ခေါင်းမာပိုင်းလို့ ပြောမလား၊  သူတို့က ၀င်ပြောရတယ်လို့ ပြောလို့ ရတယ် ထင်တယ်။  
 သို့သော်လည်း  ဒေါ်စုနဲ့ အင်န်အယ်ဒီပါတီကို လူမှုရေးလုပ်ငန်းတွေလုပ်ဖို့တော့  အစိုးရပြည်ထဲရေးဝန်ကြီးက လမ်းကြောင်းထားတာလဲ ပါသေးတယ်လေဆရာ။               အင်န်အယ်ဒီဟာ အဓိက နိုင်ငံရေးလုပ်ငန်းတွေ လုပ်နေတာ ဖြစ်တယ်။  နိုင်ငံရေးလုပ်ငန်းတွေထဲမှာလည်း တိုင်းပြည်ရဲ့ လူမှုရေး၊ ပညာရေး၊  ကျန်းမာရေး လိုအပ်ချက်တွေကိုလည်း တပါတည်း ဖြည့်ဆည်းပေးနေရတယ်။  ရခိုင်ပြည် လေဘေး၊ ရှမ်းပြည် ငလျင်၊ နာဂစ်ဒေသ သောက်သုံးရေ ရဖို့၊  ကလေးတွေရဲ့ ပညာရေး၊ အများကြီးကို လိုက်လံ လုပ်ဆောင်ပေးနေရတယ်။ သည်တော့  သူတို့တွေတွက်မှာက အင်န်အယ်ဒီဟာ လူမှုရေးလုပ်ငန်းတွေ လုပ်နေပြီ၊ သည်တော့  အဲသည်ဖက်ကို ဇောင်းပေးပြီးတော့ လမ်းကြောင်းချပေးသလိုမျိုး ပြောလာတာ  ဖြစ်တယ်။              ကျနော်တို့က လူမှုရေးလုပ်ငန်းကို လုပ်နေတာဟာ နိုင်ငံရေးတာဝန်တွေ  ထမ်းဆောင်နေတာဖြစ်တယ်။ ၂၀၀၉ ခုနှစ် ဧပြီလ ရွှေဂုံတိုင်စာတမ်းအစည်းအဝေးမှာ  ကျနော့်မိန့်ခွန်းမှာကတည်းက ပြောခဲ့ပြီး ဖြစ်တယ်။ လူထုဟာ ခိုကိုးရာမဲ့  ဆင်းရဲဒုက္ခရောက်နေရင် ကျနော်တို့တတွေဟာ လူထုဖက်က ရပ်ရမယ်။  နိုင်ငံရေးလုပ်တယ်ဆိုတာ လူထုကို မျက်နှာမူရမယ် လို့ သဘောထားတယ်။              လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး၊ ပြီးတော့ နိုင်ငံရေးကို အခြေခံတဲ့  လူမှုရေးလုပ်ငန်းတွေကို လုပ်တာဖြစ်တယ်။ သူတို့ဆိုလိုသလို  လူမှုရေးလုပ်ငန်းတွေချည်း လုပ်နေတာမဟုတ်ဘူး။ အစိုးရဖက်က  ပျက်ကွက်နေလို့၊ သူတို့က လူထုကို ကျောခိုင်းထားလို့ လစ်ဟင်းနေတဲ့  လူမှုရေးလိုအပ်ချက်တွေ၊ ကွက်လပ်တွေကို ကျနော်တို့က နိုင်ငံရေးအရ  ၀င်ရောက် လုပ်ကိုင်နေရတာ ဖြစ်တယ်။ ဒါကို သူတို့က လူမှုရေးတွေပဲ  လုပ်ကြပါလို့ ပြောလာတာဟာ နိုင်ငံရေးပျက်လုံး ဖြစ်တယ်။ ဟာသဖြစ်နေတယ်။  
 ဒါဆိုရင်  အင်န်အယ်ဒီဟာ နိုင်ငံရေးပါတီတရပ် မဟုတ်တော့ဘူး။ ပျက်ပြယ်သွားပြီ။  ဒါကြောင့် နိုင်ငံရေးလုပ်ငန်းတွေ မလုပ်ပါနဲ့တော့လို့ ပြောဆို ဝေဖန်  သတိပေးထားတာလဲ တချက်ရှိသေးတယ်လေ ဆရာ။              အခုအချိန်မှာ ပြည်တွင်း ပြည်ပမှာ အများပြည်သူလူထု အသိအမှတ်ပြုထားဆဲ  အကြီးဆုံး နိုင်ငံရေးပါတီဖြစ်တယ်။ ၁၉၈၈ စက်တင်ဘာ လကုန်မှာ  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီးတော့ ၁၉၉၀ မေလ ရွေးကောက်ပွဲမှာလည်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများဆုံးနဲ့ အနိုင်ရ ပါတီတရပ်လည်း  ဖြစ်တယ်။ စစ်အစိုးရက အဲသည်တုန်းကတည်းက ရွေးကောက်ပွဲအဆုံးအဖြတ်ကို  လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်။  နောက်  အနှစ် ၂၀ ကြာတော့မှ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတခု ထပ်ပြဋ္ဌာန်းပြီးတော့  အဲသည်မှာ မှတ်ပုံထပ်မတင်လို့ ဆိုပြီး ၂၀၁၀ စက်တင်ဘာ ၁၃ မှာ  အင်န်အယ်ဒီကို ပါတီအဖြစ်က ပျက်ပြီးလို့ စစ်အုပ်စုက ပြောနေတာ ဖြစ်တယ်။  အဲသည် ရွေးကောက်ပွဲဥပဒေကို အင်န်အယ်ဒီပါတီက လက်မခံတဲ့အကြောင်းလည်း  ပြောခဲ့ပြီး ဖြစ်တယ်။ ဒါတွေကို ပြန်ပြောမယ်။ ကျနော်တို့က  စစ်အစိုးရ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံဘူး။ ပထမအချက်။  နောက်တချက်က ထောင်ကျနေတဲ့ အကျဉ်းသားတွေကို ပါတီက ထုတ်ပစ်ရမယ်လို့  ပြောထားတဲ့ ရွေးကောက်ပွဲဥပဒေကို ကျနော်တို့ လက်မခံဘူး။  အင်န်အယ်ဒီပါတီဝင်တွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေနဲ့  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အဖမ်းဆီးခံထားရချိန်မှာ ပါတီက သူတို့ကို  ကျောခိုင်းခြင်း မလုပ်နိုင်ဘူး။ နောက်ဆုံး တချက်ကတော့ ၁၉၉၀  ပါတီစုံရွေးကောက်ပွဲ ရလဒ်တွေကို ပါဝင်ခဲ့တဲ့ပါတီတွေက  ပျက်ပြယ်သွားပြီလို့ ၀န်ခံခိုင်းတာကိုလည်း ကျနော်တို့က လက်မခံဘူး။  အဲသည်အဓိက ၃ ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ အဲသည်က  ရွေးကောက်ပွဲကို ကျနော်တို့က ငြင်းပယ်ခဲ့တယ်။  စစ်အစိုးရကိုယ်တိုင်က  ပျက်ပြယ်ပြီလို့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ လက်ခံခိုင်းတာကို  အင်န်အယ်ဒီပါတီက လက်မခံခဲ့ဘူး။ မပျက်ပြယ်ဘူးလို့ ရပ်တည်ခဲ့တာ ဖြစ်တဲ့အတွက်  ဘယ်လိုလုပ်ပြီးတော့ အင်န်အယ်ဒီပါတီက နိုင်ငံရေးပါတီမဟုတ်တော့ဘူးလို့  ပြောလို့ရမှာလဲ။  ၂၀၁၀  ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်းကို  ငြင်းပယ်လိုက်တာကိုယ်တိုင်ကိုက ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ  အင်န်အယ်ဒီပါတီအဖြစ် ကျနော်တို့က ဆက်လက်ရပ်တည်နေတာကို  ပြသလိုက်တာဖြစ်တယ်။  
 ဆရာဆိုလိုတာက  နိုင်ငံရေးပါတီတရပ်အဖြစ် ရပ်တည်နေပြီးဖြစ်တဲ့အတွက် နောက်ထပ်  မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ နိုင်ငံရေးပါတီအဖြစ်က ဆက်လက်ပြီး  တည်ရှိနေမှာပဲ လို့ ပြောလိုက်တာပေါ့။ အဲသည်မှာ ပြည်သူလူထုရဲ့ ဆက်လက်  ထောက်ခံ အသိအမှတ်ပြုမှုတွေကိုကော ထည့်ပြီး ပြောလို့ ရမလား။              ပြည်သူလူထုက ဆက်လက်ထောက်ခံမှုတွေ ဘယ်လောက်ရှိတယ်၊ နိုင်ငံတကာက  ဘယ်လိုမျိုး ထောက်ခံမှု အသိအမှတ်ပြုမှုတွေ ပြသနေတယ်ဆိုတာ အခုနောက်ပိုင်း  အခြေအနေတွေကို အားလုံး မြင်ကြတဲ့အတိုင်းပဲပေါ့ကွာ။  ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့ နောက်မှာ ပါတီက ဆက်လက်ရပ်တည်မြဲ  ရပ်တည်နေပြီးတော့ ဦးဆောင်မှုပေးနေတယ်။ ဒါတွေဟာ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို  လက်ခံပြီးတော့ ကိုယ့်ပါတီကို ပျက်ပြယ်ပါပြီလို့ ကိုယ့်ဖာသာကိုယ်  လုပ်ခဲ့မယ်သာ ဆိုရင် ဘယ်လိုတွေ ဖြစ်နေကြမလဲ၊ စဉ်းစားကြည့်ကြစေချင်တယ်။  
 ဆရာတို့က ပြည်ထဲရေးက အကြောင်းကြားတာနဲ့ ပတ်သက်ပြီး စကားပြောကြမယ်လို့ ကမ်းလှမ်းထားတယ် မဟုတ်လား။               ကျနော်တို့နဲ့ လက်ရှိအစိုးရနဲ့ကြားမှာ မတူညီတာတွေ ရှိမယ်၊ သို့သော်  ကျနော်တို့ တူညီတာတခုကတော့ တရားဥပဒေစိုးမိုးစေချင်တယ်။ တရားမျှတမှုတွေ  ရှိစေချင်တယ်။ ဒါကြောင့် ကျနော်တို့တတွေ စကားပြောကြရအောင်လို့  ကမ်းလှမ်းထားတယ်။ အခုဒါက ဆွေးနွေးကြမယ်လို့ ပြောတာ မဟုတ်ဘူးနော်။  စကားပြောကြရအောင်လို့ ကမ်းလှမ်းထားတာ ဖြစ်တယ်။ ဒီအပေါ်မှာ သူတို့ဖက်က  ဘယ်လိုတုန့်ပြန်မလဲဆိုတာတော့ မသိသေးဘူးပေါ့။  
 စီအာရ်ပီပီ  ဆိုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီကကော ဘယ်လိုမျိုး ဆက်လက်  ရပ်တည်သွားမှာလဲ ဆရာ။ အဲသည်ပြည်သူ့လွှတ်တော်ဆိုတာက အခု ၂၀၁၀  လွှတ်တော်မဟုတ်ဘူး။ ၉၀ ခုနှစ် ရွေးကောက်ပွဲက ပေါ်ထွန်းလာရမယ့်  ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားပြုကော်မီတီဆိုတော့ အခုအချိန်မှာ ဒါကို  ဘယ်လို သဘောထားရမှာလဲ။              ဒါတွေဟာ အခြေအနေသစ်တွေဖြစ်တယ်။ ဒါက ဘာဖြစ်လို့ ပေါ်လာရသလဲဆိုတော့ ၁၉၉၀  မေလ ပါတီစုံရွေးကောက်ပွဲကနေ ပြည်သူလူထုက တခဲနက် ရွေးချယ်ပေးလိုက်တဲ့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကနေ လွှတ်တော်ကြီးတရပ် ခေါ်ဆိုခွင့်  ရရှိဖို့ကို စစ်အစိုးရ ငြင်းပယ်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့တတွေက  စစ်အစိုးရက ပိတ်ပင်တားဆီးထားတိုင်း ပြည်သူလူထုရဲ့    ဆန္ဒတွေကို  ကျောခိုင်းစွန့်လွှတ်သွားမှာ မဟုတ်ဘူးဆိုတာကို ပြသတဲ့အနေနဲ့  ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီကို အနိုင်ရပါတီတွေက  ခေါင်းဆောင်တွေနဲ့ ကိုယ်စားပြုဖွဲ့စည်းခဲ့ကြတာ ဖြစ်တယ်။ လူထုက ဒါကို  ထောက်ခံဝန်းရံထားတုန်းပဲဆိုတာကို ကျနော်တို့ သဘောထားတယ်။ အခုဆိုရင်  လွှတ်တော်ကိုယ်စားပြုကော်မီတီ သက်တမ်းက ၁၅ နှစ်လောက် ရှိလာပြီ။              သို့သော်လည်းပဲ သက်တမ်းရှည်လာတာနဲ့အမျှ ခုနက ပြောသလို စစ်တပ်ရဲ့ ၂၀၁၀  လွှတ်တော်တရပ်ကလည်း ပေါ်လာပြီ။ ကျနော်တို့ လွှတ်တော်ကိုယ်စားပြု ကော်မီတီထဲက  အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေထဲမှာ အချို့ဆိုရင် အပြင်မှာ မရှိတော့ဘူး။  ထောင်သွင်း အကျဉ်းချခံထားရတယ်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်  စသည်ဖြင့်ပေါ့။ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပါတီတွေ၊ တသီးပုဂ္ဂလတွေ  ကိုယ်စားပြုသူတွေ ၁၉  ဦးလောက် ရှိခဲ့တယ်။ အင်အားတွေက လျော့ပါးကုန်တာတွေ  ရှိတယ်။ အင်န်အယ်ဒီကဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊  ဦးလှဖေ၊ ဦးသန်းထွန်း နဲ့ ဦးညွန့်ဝေ ဆိုပြီး စီအီးစီ ၆ ယောက်လောက်က  အဲသည်မှာ ပါတယ်။ ကျန်တဲ့ ရခိုင်၊ ဇိုမီး ချင်း နဲ့ မွန်ပါတီတို့  ရှိသေးတယ်။               အင်အားအားဖြင့် လျော့နည်း ကန့်သတ်ခံထားရချိန်မှာ အပြင်ကအင်အားတွေက  စီအာရ်ပီပီကို ဖျက်သိမ်းပါ။ မလိုတော့ပါဘူးလို့ ပြောလာတာတွေရှိတယ်။  ကျနော်တို့ကတော့ မူအားဖြင့် လက်မခံနိုင်ဘူးလို့ ပြောချင်တယ်။ ၉၀  ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီ တရားဝင်ရပ်တည်နေသလိုမျိုး ၉၀  ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတဲ့ မဟာမိတ်တွေရဲ့  လွှတ်တော်ကိုယ်စားပြုကော်မီတီဆိုတာဟာ ဆက်လက်ရပ်တည်နေရမှာပဲ။  လွှတ်တော်အသစ်ဆိုတာ ပေါ်တော့လည်း အဲသည်လွှတ်တော်တရပ်ကို ကျနော်တို့တွေက  စောင့်ကြည့် ဝေဖန်နေဖို့ လွှတ်တော်ကိုယ်စားပြုကော်မီတီက  ဆောင်ရွက်နေရမှာပဲလို့ ကျနော်တို့တွေက ဆွေးနွေးကြတယ်။  
 ဒါဆိုရင်လည်း  ၉၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို  ကျယ်ပြန့်တဲ့ တိုးချဲ့တဲ့ အလုပ်တာဝန်တွေ သတ်မှတ်တော့မယ်ဆိုရင်  အင်အားကိုလည်း တိုးချဲ့ဖို့ ပြင်ဆင်ဖို့ကော မစဉ်းစားကြဖူးလား ဆရာ။              ဒါတွေက ကျနော်တို့တပါတီတည်း လုပ်လို့မရဘူး။ မဟာမိတ်ပါတီတွေ၊  တသီးပုဂ္ဂလကိုယ်စားပြု ခေါင်းဆောင်တွေထံ အကြောင်းကြားပြီး  ဆွေးနွေးပြီးတော့ ထောင်ကျနေတဲ့ ခေါင်းဆောင်တွေ ရှိရင်လည်း သူတို့အစား  ထပ်မံဖြည့်စွက်ပေးထားဖို့ ကျနော်တို့က တင်ပြရမှာ ဖြစ်ပါတယ်။  နောက်ပြီးတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပြည်သူလူထုက မဲဆန္ဒပေး  အတည်ပြုလိုက်တာ ဖြစ်တယ်။ ဒါကို ကိုယ်စားပြုပြီး ကျနော်တို့တွေက  အဲသည်ရွေးကောက်ပွဲက ထွက်ပေါ်လာရမယ့် ပြည်သူ့လွှတ်တော်ကိုယ်စား  ကိုယ်စားပြုပြီး ရပ်တည်သွားရမှာဖြစ်တယ်။ ဒါကို ကျောခိုင်းတာဟာ  လူထုထောက်ခံမှုအပြည့်ရှိတဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ ပြည်သူဆန္ဒကို  ကျောခိုင်းလိုက်တာဖြစ်လို့ အခု ၂၀၁၀ ရွေးကောက်ပွဲတို့ ၂၀၁၀  လွှတ်တော်တို့ ဘယ်လိုပဲ ပေါ်ပေါ်၊ ဒါတွေဟာ ပြည်သူလူထုကို  ကိုယ်စားမပြုဘူးဆိုတာကို ကျနော်တို့က အခုလိုမျိုး ရပ်တည်ပြီး  ရင်ဆိုင်နေရမှာ ဖြစ်တယ်လို့ ပြောချင်တယ်။  
 ကဲ နောက်ဆုံးအနေနဲ့ လူထုက အထူးစိတ်ဝင်စားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားရဲ့ ခရီးစဉ်ကိုလည်း နည်းနည်း ပြောပါဦး ဆရာ။              ဒါကတော့ မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ ခရီးစဉ်ဖြစ်ပါတယ်။ တနလာင်္နေ့လောက်က  စပြီး ပုဂံကို သွားမယ်။ မိဘနဲ့ သေကွဲ၊ ရှင်ကွဲ ကွဲနေရတဲ့ သားအနေနဲ့  ခုချိန်မှာမှ အမေနဲ့ ပြန်လည် ဆုံတွေ့ခွင့်ရတဲ့အချိန်မှာ မိသားစုအနေနဲ့  သီးသန့်အချိန် တွေ့ဆုံကြဖို့ လိုတာပေါ့။ အဲသည်မှာ မြန်မာပြည်ရဲ့  ရာဇ၀င်တွေ အထင်ကရဖြစ်တဲ့ ပုဂံကို သွားကြမယ်၊ မြန်မာရိုးရာ  အစဉ်အလာတွေကို ပြသ ရှင်းပြခွင့်ရမယ့် ခရီးစဉ်ဖြစ်မယ် ထင်တယ်။ ၄ ရက်လောက်  ကြာမယ်။ ကိုယ်ရေးကိုယ်တာ ခရီး ဆိုပေမယ့် ဒေါ်စုနဲ့ လူထုကတော့  ခွဲထားလို့တော့ ရမှာမဟုတ်ဘူး။ လူထုက ဘယ်လိုမျိုး ကြိုဆိုကြမလဲ၊  ဘယ်လို ထိတွေ့မှုမျိုးတွေ ဖြစ်မလဲဆိုတာကတော့ ၀ိုင်းပြီးတော့  ပြင်ဆင်စဉ်းစားနေကြတယ်လို့ ပြောရမယ် ထင်ပါတယ်။  
 လူထုနဲ့  တိုက်ရိုက်ထိတွေ့မှုတွေ ခရီးစဉ်မှာ မလွှဲမရှောင်သာ ရှိလာမှာ ဖြစ်တဲ့အတွက်  ပါတီကိုယ်တိုင်ကလည်း ဒေါ်စုရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေလို့  ပြောလို့ရတော့ သူတို့ကကော သေသေချာချာ ပြင်ဆင်ထားပြီးပြီလား ဆရာ။              အတတ်နိုင်ဆုံးတော့ ပြင်ဆင် ဆွေးနွေးကြပါတယ်။ ဥပမာ  ကျနော်ဆေးရုံတက်တုန်းက ဒေါ်စုက လာပြီး သတင်းမေးတယ်။ အပြန်ကျတော့  ဓာတ်လှေကားစောင့်နေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်လာတယ်လဲ ဆိုရော လူတွေက  အတင်းဝိုင်းလာပြီး၊ ပွေ့ဖက် နှုတ်ဆက်တာတွေ လုပ်ကြတယ်။ အကုန်လုံး  ရှုပ်ထွေးကုန်တာတွေ ဖြစ်ကုန်တယ်။ ဒါတွေကို အတွေ့အကြုံအဖြစ် ဒေါ်စုလည်း  သင်ခန်းစာ ယူမှာ ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ ခရီးစဉ်ဆိုပေမယ့် လူထုရဲ့  ထိတွေ့မှုကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကတော့ သူလည်းပဲ စဉ်းစားမှာပဲ  ဖြစ်ပါတယ်။   
 လေယျာဉ်နဲ့ မသွားဘူးလား ဆရာ။ လမ်းခရီး အချိန် အတိုင်းအတာအရ …              ဒါကလည်း မိသားစုအမှာစကားကြောင့်လို့ ကြားတာပဲ။ ဒေါ်စုရဲ့ ခင်ပွန်း  မိုက်ကယ်အဲရစ် မကွယ်လွန်မီက ဒေါ်စုကို မှာဖူးတယ် ပြောတယ်။  နိုင်ငံရေးသမားဆိုတာက အန္တရာယ်တော့ ရှိတာပဲ။ သို့သော်  ခရီးသွားလာလို့ရှိရင် လေယျာဉ်တော့ မစီးစေချင်ဘူးလို့ မှာဖူးတယ် ပြောတယ်။  ဒါကြောင့် ကွယ်လွန်သူ ခင်ပွန်းသည်ရဲ့ ဆန္ဒကို လိုက်နာပြီး ကုန်းလမ်းနဲ့ပဲ  သွားမယ်လို့ ထင်ပါတယ်။  
 ဟုတ်ကဲ့ပါ  ဆရာ။ ကျနော်တို့သဘောကတော့ ပါတီက ပါတီခေါင်းဆောင်တဦးရဲ့ ခရီးစဉ်တရပ်အတွက်  လိုအပ်တာတွေ စီစဉ်ပေးတာ၊ ပြင်ဆင်ပေးတာတွေကိုလည်း  တတ်နိုင်သလောက်လုပ်ကိုင်တာမျိုးတွေ ရှိသလို၊ ခရီးစဉ်မှာ ကြုံတွေ့ရမယ့်  ပြည်သူတွေ၊ ဧည့်သည်တွေ၊ ပရိသတ်တွေကိုလည်း ဘယ်လိုမျိုး လက်ခံ  ကြိုဆိုပေးပါ။ ကူညီ ဆောင်ရွက်ပေးပါ၊ ဘယ်လိုမျိုး အဆင့်ဆင့် ဆက်သွယ်  ဆောင်ရွက်နိုင်ပါတယ် ဆိုတဲ့ အချက်အလက်လေးတွေကိုလည်း ကြိုတင်ပြီးတော့  ရေဒီယိုတွေ ဘာတွေကတဆင့် အသိပေး ပြောဆိုပေးထားနိုင်ရင် ကောင်းမယ်လို့  ထင်တာပဲ ဆရာရယ်။             အေးကွာ။ ဒါကတော့ ၀ိုင်းလုပ်ကြရမှာပေါ့။  
 ကျေးဇူးတင်ပါတယ် ဆရာ။         ။  | 
No comments:
Post a Comment