ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်က တံတားမိုင်းခွဲခံရ
လိုင်ဇာ-မြစ်ကြီးနားလမ်းပေါ်က ကွန်ကရစ်တံတားတခု
July 21, 2011,
ဇူလိုင် ၂ဝ ရက်နေ့ ညသန်းခေါင်အချိန်က ဗန်းမော်-မြစ်ကြီးနား 
လမ်းပေါ်ရှိ ဂါးဒါယန်တံတား မိုင်းခွဲ ဖျက်ဆီးခံရ၍ လုံးဝ 
ပျက်စီးသွားကာ ယာဉ်သွားလာမှုများ ရပ်နားလိုက်ရပါတယ်။
ဝိုင်းမော်မြို့နယ် ဂါးဒါယန်ကျေးရွာနှင့် ကဇူးကျေးရွာကို 
ဆက်သွယ်ထားတဲ့ လွယ်မွေချောင်းကူး ကွန်ကရစ် တံတားမှာ ပေ ၂ဝ 
ဝန်းကျင်ရှိပြီး မိုင်းခွဲခံရသဖြင့် တံတားတခုလုံး ရေချောင်းထဲ 
ပြုတ်ကျသဖြင့် လူပင် ဖြတ်သန်း၍ မရဖြစ်နေကြောင်း မျက်မြင် 
ကားသမားတဦးက ပြောပါတယ်။
“ဂါးဒါယန်အထွက်မှာ ကွန်ကရစ် တံတားကြီးကို မိုင်းခွဲတာ 
ကျိုးသွားတဲ့ခါကျတော့ ဗန်းမော်-မြစ်ကြီးနား-လိုင်ဇာ လုံးဝ 
ပြတ်တောက်သွားပြီ။ ည ၁၂ နာရီကို ချိုးတယ်ပြောတယ်။ အရင်တုန်းက 
ချိုးထားတယ်ဆိုတာ နည်းနည်းပဲ ပေါက်တာလေ။ ဒီတခေါက် ပြန်သွားတော့ 
တံတားရှစ်စင်းချိုးထားတယ်။ ဘာပြဿနာမရှိဘူး။ ကားမောင်းလို့ရတယ်။ 
အခုက လုံးဝကို မရတော့ဘူး။ တံတားကြီး ကျိုးကျသွားပြီ။ 
လူကူးလို့တောင် မလွယ်ဘူး၊ ချောင်းနဲ့ဆိုတော့။ ကွန်ကရစ်တိုင် 
မဟုတ်ဘူး။ အလုံးလိုက်ပါ ပြုတ်ကျသွားပြီ။ ဆိုးဆိုးဝါးဝါးကို 
ဖြစ်သွားတာ။ ဆိုင်ကယ်တောင် သွားလို့မရဘူး၊ လမ်းလျှောက်လို့တောင် 
မရတော့ဘူး။”
ဇွန်လ ၁၅၊ ၁၆ ရက်တွေက ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ တံတား 
အစင်း ၃ဝ ခန့် မိုင်းခွဲခံခဲ့ရသော်လည်း ဗန်းမော်-လွယ်ဂျယ် 
လမ်းကြောင်းမှ လွဲ၍ ကျန်နေရာမှာတော့ ယာဉ်ငယ်တွေ ဆက်လက် 
ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မိုးမောက်မြို့နယ် အောင်ဂျာယန်-ခါရာ
 ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် 
လိုင်ဇာ-မြစ်ကြီးနား ယာဉ်သွားလာမှုကို ကချင်ပြည် လွတ်လပ်ရေး တပ်မတော် 
(ကေအိုင်အေ)က ပိတ်ထားခဲ့ရာမှ အခုလ ၁၉ ရက်နေ့ကစလို့ ယာဉ်သွားလာမှု 
ပြန်လည်ခွင့်ပြုခဲ့ရာ ဒီကနေ့မှာတော့ တံတားမိုင်းခွဲခံရလို့ 
ယာဉ်သွားလာမှု ရပ်ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
အခု မိုင်းခွဲခံလိုက်ရတဲ့ တံတားဟာ မြစ်ကြီးနားဘက်ကနေ စစ်ယာဉ်တန်းတွေ
 ပို့ဆောင်ရာမှာ အရေးပါတဲ့ တံတားလည်း ဖြစ်ပြီး မြန်မာစစ်တပ်က 
စစ်အင်အား ဖြည့်တင်းတာ၊ စစ်ရေးပြင်ဆင်တာတွေ ဆောင်ရွက်နေချိန်မှာ 
မိုင်းခွဲဖျက်ဆီးခံရတာ ဖြစ်ပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ 











No comments:
Post a Comment