စစ်ရဲ့သားကောင်မှာ လူတွေချည်းမဟုတ်၊ တိရစ္ဆာန်တွေလည်းပါ
ဂျင်အင်ဒရူး | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၃၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် နယ်စပ်ဒေသများတွင်ဖြစ်ပွားနေသည့် စစ်ပွဲများသည် ကရင်ပြည်သူများကို
ဘေးဒုက္ခအန္တရာယ် ကျရောက်စေသည်သာမက ဒေသတွင်းရှိ တောရိုင်း တိရစ္ဆာန်များကိုလည်း တိုးမြှင့်ခြိမ်းခြောက် လာနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံစာအသစ် တစောင်ကဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က သဘာဝ ဘေးမဲ့တောအဖြစ် ၁၉၈၉ ခုနှစ်က သတ်မှတ်ခဲ့သော မဲကသာ တောကြီးအတွင်း ဆင်ရိုင်းကောင်ရေသည် ခန့်မှန်းခြေ ၁၅ ကောင်အထိ ကျဆင်းသွားခဲ့သည်ဟု ကရင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုလှုပ်ရှားမှုကွန်ရက် Karen Environmental and Social Action Network (KESAN) က ဂျူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါဘေးမဲ့တောအတွင်း နေထိုင်ကြသည့် နောက်ထပ် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၆ဝ ခန့်အနက် သုံးပုံတပုံခန့်မှာ မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟုလည်း အဆိုပါ အစီရင် ခံစာတွင် ရေးသားထားသည်။
မဲကသာ ဘေးမဲ့တောသည် ထိုင်းနိုင်ငံသဘာဝ တောရိုင်း တိရစ္ဆာန် ဥယျာဉ်နှင့် ထိစပ်တည်ရှိပြီး အကျယ်အဝန်း အားဖြင့် ၁၅၆ စတုရန်းကီလိုမီတာရှိသည်။ ကရင်နှင့် မြန်မာ စစ်တပ်များ တိုက်ပွဲဖြစ်လျှင် ထွက်ပြေးနိုင်ရန် အတွက်
မြန်မာဘက်ခြမ်းမှ ရွာသားများသည် အမြဲအသင့်ပြင်ထားကြရပြီး သူတို့သည် မကြာ ခဏ ပင်ပြည်တွင်း ရွှေ့ပြောင်း နေထိုင်သူ ရွာပုန်းရွာရှောင် ဒုက္ခသည်များအဖြစ် ကျရောက်ကြရ သည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။
အတောမသတ် ဖြစ်ပွားနေသော တိုက်ပွဲများသည် ဆင်ရိုင်းကောင်ရေနှင့် အခြား တိရစ္ဆာန် မျိုးစိတ်များ လျော့နည်း ကျဆင်းနေရခြင်း၏ တခုတည်းသော အကြောင်း မဟုတ်ပါဟုလည်း ကီဆန် အစီရင်ခံစာကဆိုသည်။ အမဲလိုက်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ တရားမဝင် သစ်ခုတ်လှဲခြင်း ၊တောပြုန်းစေခြင်းတို့သည်လည်း အဓိကခြိမ်းခြောက်နေသည့် အချက်များဖြစ်သည်ဟု ဆိုသည်။
ရှားပါး တိရစ္ဆာတမျိုးဖြစ်သည့် ဆူမားထရားကြံ့ ဆိုလျှင် ယခုအခါ လုံးဝပျောက်ကွယ် သွားခဲ့ပြီဖြစ်သည် ဟုလည်း ဆိုသည်။ အခြား မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်ရှိသည့် မျိုးစိတ်များမှာ နို့တိုက်သတ္တဝါ ၂၂ မျိုး၊ ငှက်မျိုးစိတ် ၂၃ ခု၊ တွားသွားသတ္တဝါ ၈ မျိုးနှင့် ကုန်းနေ၊ရေနေ သတ္တဝါ ၅ မျိုးတို့ ဖြစ်ကြသည်။
အန္တရာယ် အရှိဆုံး အခြားမျိုးစိတ်များမှာ ကျား၊ အစက်အပြောက်များပါ ကျားသစ်တို့ ဖြစ်ကြသည်ဟု ကီဆန် အစီရင်ခံစာက မြေမြှုပ်မိုင်းကြောင့် သေဆုံးနေသော အရွယ်ရောက်ပြီး ကျားသစ်တကောင်၏ ဓါတ်ပုံနှင့် အတူ ဖော်ပြရေးသားထားသည်။
ကီဆန် အစီရင်ခံစာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ကရင်ရွာသားများ ၂ဝဝ၈ ခုနှစ်မေလမှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအထိ ကွင်းဆင်းလေ့လာ ပြုစုခဲ့ကြခြင်း ဖြစ်သည်။
ဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သူတို့၏ လေ့လာသုတေသနလုပ်ငန်းများ အနှောင့်အယှက် အဟန့် အတား ဖြစ်ခဲ့ရသည်။ “ ဒေသတွင်းလုံခြုံမှု မရှိခြင်းကြောင့် ပညာရပ်ဆိုင်ရာ လေ့လာခြင်း လုပ်ငန်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အန်ဂျီအိုများ၏ ဆန်းစစ် လေ့လာခြင်း လုပ်ငန်းများ ကဲ့သို့သော ပြင်ပမှ ဝင်ရောက် စူးစမ်းလေ့လာခြင်း လုပ်ငန်းများကို အထူးတလည် အဟန့်အတား ဖြစ်စေခဲ့သည်" ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
သစ်တောနှင့် သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တတ်စွမ်းသမျှဆောင် ရွက်ကြပါရန်လည်း ကီဆန် အစီရင်ခံစာက ဒေသခံကရင်ပြည်သူများကို တိုက်တွန်း နှိုးဆော်ထားသည်။
“(ကရင်ယဉ်ကျေးမှုကဲ့သို့သော)ဇီဝမျိုးစုံလင်မှုသည်ပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် ပြင်ပနိုင်ငံတကာမှ

ဆောင်ရွက်ပေးမည့်သူများ ရောက်ရှိလာသည်အထိ စောင့်ဆိုင်း မနေနိုင်ပါ ” ဟု အစီရင်ခံစာက ဆိုသည်။
“ သစ်တောများ ထိန်းသိမ်းရန်နှင့် ဇီဝမျိုးစုံလင်မှုကို ထိန်းသိမ်းရန်အတွက် ဒေသခံ ပြည်သူများ အနေနှင့် သူတို့ တတ်စွမ်းသမျှ ပါဝင် လုပ်ကိုင်ကြရမည် ဖြစ်သည်။ ထိုသို့ လုပ်ကိုင်ခြင်း မရှိပါက သစ်ထုတ်ခြင်း၊ ဆည်များ တည်ဆောက်ခြင်းနှင့် အခြား စက်မှုလုပ်ငန်းများက သယံဇာတ ထုတ်ယူမှုများကြောင့် ပျက်စီးဆုံးရှုံးရတော့မည် ” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
အစီရင်ခံစာ ပြုစုရခြင်း၏ ရည်ရွယ်ချက်မှာ "ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ မိရိုးဖလာ သိရှိထားသော အသိပညာများဖြင့် သစ်တောများကို ကယ်တင်ရန် ကြိုးပမ်းခြင်းသည် မိမိတို့နိစ္စဓူဝ လုပ်ဆောင်နေရသော ရှင်သန်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများနှင့် အတူတူပဲဆိုသည်ကို သူတို့အား ပြသရန်ပင်ဖြစ်သည် ” ဟု အစီရင်ခံစာတွင် ဆိုထားသည်။
အစီရင်ခံစာကို သုတေသန ရလဒ်များဖြင့် ကျောထောက် နောက်ခံပြု ရေးသားထားခြင်း ဖြစ်ပြီး စစ်ပွဲကို အဆုံးသတ် ကြရန်လည်း အကြံပြုချက်အဖြစ် ရေးသားထားသည်။ သစ်တောများကို ပျက်စီးဆုံးရှုံးစေသည့် သစ်ထုတ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ရာဘာပင် စိုက်ပျိုးခြင်းများကို မပြုလုပ်ကြရန်နှင့် အမဲလိုက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်သည့် ဥပဒေများ ပြဋ္ဌာန်း ကာကွယ်ကြပါရန်လည်း အဆိုပါအစီရင်ခံစာက တိုက်တွန်း အကြံပြုထားသည်။

No comments:
Post a Comment