တစ်လကျော်အတွင်း အပစ်ရပ်ကရင်အဖွဲ့နှစ်ဖွဲ့မှ အင်အား ၅၉ဦး KNU နှင့် ပူးပေါင်းခဲ့
အောက်တိုဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နယ်ခြားစောင့်တပ်(BGF)နှင့် ကေအဲန်ယူ-ကေအဲန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီ(KPC)မှ တပ်ဖွဲ့ဝင် ၅၉ဦးသည် သြဂုတ်လကုန်ပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၆)နှင့် လာရောက်ပူးပေါင်း ခဲ့ကြောင်း KNU ဘက်က ထုတ်ဖော် ပြောဆို သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၈ရက်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းခဲ့သည့်နောက်ပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ နယ်ခြား စောင့်တပ်ဖွဲ့မှ ၃၉ဦး၊ ဗိုလ်မှူးချုပ်စောထင်မောင် ဦးစီးသည့် ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် ၂၀ဦး တို့သည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၆)က သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံက ယခုလို ပြောသည်။















