“ဒီနေရာကို သူတို့ လိုချင်တယ်”
KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်
16 June 2011 ,ကချင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့်  ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ နေ့စဉ်  ဖြစ်ပွားနေသည်မှာ တပတ်ကြာပြီ ဖြစ်သည်။
ဤအခြေအနေတွင် KIA ဒုတိယ  စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က တိုက်ပွဲများ ဖြစ်ပွားမှု၊ KIA ၏  ပြင်ဆင်မှု၊ စစ်ရေး မဟာမိတ် အဖွဲ့များ၊ တရုတ် နိုင်ငံ၏ အနေအထား၊ စစ်သုံ့ပန်း  စသည်တို့နှင့် ပတ်သက်ပြီး ဧရာဝတီကို ပြောပြသည်။
ဧရာဝတီ၏ အကြီးတန်းသတင်းထောက် ဝေမိုးက ယနေ့ ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။
မေး ။ ။ ဒီနေ့ရော တိုက်ပွဲတွေ ထပ်ဖြစ်သေးလား။
ဖြေ  ။ ။ နယ်ဘက်မှာတော့ ဖြစ်တယ်။ ကျနော်တို့ (KIA ဌာနချုပ်) နားမှာတော့  မဖြစ်ဘူး။ သူတို့ကတော့ ကောင်းကောင်း ဖြေရှင်းပေးမယ် လို့ မြို့ထဲမှာတော့ပြောနေ တယ်။ လေသံပစ်နေတာကတော့ ညှိမယ်လို့ ပြောနေတာပဲ။ ဘယ်လို ပုံစံလာမလဲတော့  မသိဘူး။ လုပ်မယ်ပဲ လေသံ ပစ်နေတယ်။ ဘာမှ မလုပ်သေးဘူး။ တပ်တွေ အများကြီး  ချနေတယ်။ နေရာတကာပေါ့။ တပ်တွေကတော့ တောက်လျှောက် တိုးနေတယ်။
မေး ။ ။ ၉ ရက်နေ့မှာ တိုက်ပွဲ စဖြစ်တယ်၊ ဒီကြားထဲ တိုက်ပွဲ မဖြစ်တဲ့ရက် ရှိသလား။
ဖြေ  ။ ။ မရှိဘူး။ တောက်လျှောက်ပဲ (ဖြစ်နေတယ်)။ ကျနော်တို့က တန်ပြန်ပြီးတော့  ပြောက်ကျားတွေ လုပ်နေတယ်။ ပြောက်ကျားနဲ့ တန်ပြန် ခုခံ ကာကွယ်စစ်။ 
မေး ။ ။ သူတို့က ဘာကြောင့် တာပိန် ရေအားလျှပ်စစ် စီမံကိန်း ရှိတဲ့ ဒေသကို အဓိက ဦးတည်ပြီး တိုက်နေတာလဲ။ 
ဖြေ ။  ။ ခွင်တခုလုံး လုပ်ဖို့အတွက် ဒီ တာပိန်က နာမည်တပ်တာပဲ။ အားလုံးကို  ဖြိုခွင်းဖို့ပဲ ရည်ရွယ်တာပါ။ သူတို့က ဒီဟာကို ခေါင်းစဉ် လုပ်ပြီးတော့  တကယ်ကို ထိုးစစ်ကြီး လုပ်ပြီးတော့ ကြိုးစားနေတာ။ ဒါ ပထမ အဆင့်  မအောင်မြင်တော့ သူတို့က နည်းနည်း ဗျူဟာ ပြောင်းနေတာပဲ ရှိတယ်။ 
မေး ။ ။ အစိုးရဘက်က တပ်ရင်းဘယ်နှစ်ခုနဲ့ ဆိုင်ထားလဲ။
ဖြေ ။ ။ တပ်ရင်း ၆ ခုလောက် ရှိတယ်။ အခုက ၃၃ တို့၊ ၆၆ တို့၊ ၂၂ တို့ အများကြီး ပြန်တက်လာပြီ။ 
မေး။ ။ တိုက်ပွဲအတွင်းမှာ အစိုးရတပ်က ရဲဘော်တွေကို KIA က ဖမ်းမိထားတယ် ဆိုတာ ဟုတ်ပါသလား။ 
ဖြေ။  ။ ၆ ယောက်ပါ။ Lieutenant (ဗိုလ်) တယောက် ပါတယ်။ အားလုံး ၆ ယောက်။  ကျနော်တို့ အခုမှ နောက်တန်း စခန်းကို ပို့ဖို့ ပြောနေတယ်။ ခလရ လား၊ ခမရ  လား၊ ၃၁၄ ဖြစ်မယ်။ နမ့်ကျိုတပ်ကလို့ ပြောတယ်။ အခုမှ ရှေ့တန်းကနေ သတင်း  ပို့နေတယ် ဆိုတော့ ၆ ယောက်တော့ သေချာသွားပြီ။ ခဏနေရင် နောက်တန်းကို  ပြန်ရောက်လာရင်တော့ အကုန် အစုံသိရမယ်။ 
မေး  ။ ။ တရုတ်အစိုးရက ဒေသ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ဆိုတာ အမြဲ ပြောတယ်လေ။  ဒီကိစ္စက တရုတ် အစိုးရရဲ့ ပြောဆိုချက်တွေ ဂရုမစိုက်ဘဲ လုပ်တဲ့ သဘောမျိုးလား။  ရှေ့လျှောက်ရော ဘာတွေ ဆက်ဖြစ်မယ်လို့ ခန့်မှန်းထားလဲ။
ဖြေ  ။ ။ ဒါပါပဲ။ သူတို့ လုပ်ချင်တာကို လုပ်နိုင်တယ် ဆိုတဲ့ သဘောပါပဲ။ ဘာတွေ  ဆက်ဖြစ်မယ် ဆိုတာ လောလောဆယ်တော့ ခန့်မှန်းလို့ မရသေးဘူး။ အခြား အခြေအနေတွေ  ကြည့်ရပါဦးမယ်။ ကျနော်တို့ကတော့ တကယ် ကျယ်ကျယ် ပြန့်ပြန့်ကို တိုက်မှာပဲ။  နောက်ဆုံးမှာ အခိုင်အမာ စခန်းတွေ မရှိရင်လည်း ပြေက်ကျားနည်းနဲ့ တိုက်မှာပဲ။  ဒါပေမယ့် တိုက်ပွဲကတော့ ရှည်သွားမယ်။ ပိုပြီး ကျယ်ပြန့်သွားမယ်။  မြန်မာပြည်အနှံ့ မဟုတ်ပေမယ့် အထက်ပိုင်းမှာတော့ တိုက်ပွဲတွေဖြစ်သွားမှာပဲ။ 
မေး ။ ။ တရုတ်အာဏာပိုင်တွေဘက်က KIA ကို ဆက်သွယ် ပြောဆိုတာတွေ ရှိလား။
ဖြေ  ။ ။ မရှိဘူး။ တရုတ်က တရားဝင်လာပြီး ပြောတာ မရှိပါဘူး။ အခြားနည်းလမ်းနဲ့  အဖြစ်မှန်တွေ သူတို့သိအောင် ပြောပြတာတွေတော့ ရှိတယ်။ ဒါပေမယ့် သူတို့  တရုတ်သတင်းစာတွေက ရေးလာ တာတွေတော့ ရှိတယ်။ သတင်းပဲ ကြားသေးတယ်။ ကျနော်တို့  မကြည့်ရသေးဘူး။ သူတို့ ပြည်တွင်း သတင်းစာတွေမှာ ရေးတယ် ပြောတယ်။ 
မေး ။ ။ အစိုးရနဲ့ KIA တို့ကြားမှာ တရုတ်အစိုးရ ၀င်ပြီး စေ့စပ်ပေးဖို့ ကမ်းလှမ်း ထားတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ  ။ ။ ဟုတ်ပါတယ်။ ကျနော်တို့က သက်သေ အနေနဲ့ပေါ့နော်၊ သူတို့ကို ပါစေချင်တယ်။  သူတို့ရှေ့မှာ ပြောချင်တယ်လို့ ကျနော်တို့ အဲဒီလို အကြောင်း ကြားထားတယ်။  ၂ရက်၊ ၃ ရက်ရှိပြီ ကျနော်တို့ ပို့လိုက်တာ။ ဘာမှ အကြောင်း မပြန်သေးဘူး။  ကျနော်တို့ကို ချက်ချင်း ပြန်မှာတော့ မဟုတ်ဘူး။ ပြီးရင် သူတို့လည်း  လုပ်ချင်မှလည်း လုပ်မှာလေ။ အခုတော့ (KIA နဲ့ မြန်မာအစိုးရ) ၂ ဦးတည်းပဲ။  လုပ်တာက ကြာပြီ။ ၁၆ နှစ်လောက် ရှိပြီ၊ ဘာမှ အရာ မရောက်ဘူး။
မေး ။ ။ မြန်မာတပ်တွေ နယ်ကျွံလာတာ ရှိရင် တရုတ်ဘက်က လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆို တာမျိုးတွေ ကြားမိသလား။ 
ဖြေ ။  ။ ကျနော်ကတော့ သိပ်မထင်ဘူး။ ဒီအဆင့် ရောက်ဖို့ဆိုတာက မလွယ်ပါဘူး။  နယ်ခံတပ်တွေက တပ်မှူးတွေ ပြောတဲ့ စကားပဲဖြစ်မှာပါ။ ဘေကျင်း (မြို့တော်) က  လာတာ မဖြစ်နိုင်ပါဘူး။ အထက်အဆင့်က လာဖို့ ဆိုတာ မလွယ်ပါဘူး။ 
မေး ။ ။ ကချင်ပြည်နယ်ထဲမှာ တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေရဲ့လုံခြုံရေး အခြေအနေက ဘယ်လိုလဲ။ 
ဖြေ  ။ ။ လုံခြုံရေးကတော့ သိပ်ပြောစရာ မရှိပါဘူး။ ထိခိုက်တာတော့ ထိခိုက်မှာပဲ။  ကျနော်တို့ အနေနဲ့က တရုတ် ကုမ္ပဏီတွေ၊ တရုတ်လူမျိုးတွေကို ကောင်းကောင်း  မွန်မွန် ဆက်ဆံဖို့ အားလုံးကို ညွှန်ကြားထားတယ်။ ကိုယ့်ဘက်က အမှား  မရှိအောင်ပေါ့။ ကျနော်တို့ ဘက်ကတော့ လုံခြုံရေးအတွက် အားလုံး  ညွှန်ကြားထားပြီးသားပါ။ 
မေး  ။ ။ ဟိုနေ့က KIA သုံ့ပန်းတယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ကချင်လူထုက  တော်တော်လေး စိတ်ဆိုး ဒေါသ ထွက်ကြတယ်လို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့  ဘာပြောချင်လဲ။
ဖြေ ။  ။ ဆက်သွယ်ရေး စခန်းမှာ တယောက်တည်း ရှိတာကို ဖမ်းသွားတာ။  ဖမ်းပြီးတဲ့နောက်မှာ သတ်ပစ်လိုက်တယ်။ သူသေပြီးတဲ့နောက်မှာ တိုက်ပွဲတွေ  ဖြစ်တယ်။ သူတို့က တရုတ်ကို သွားပြောတာက အဲဒီလူက တိုက်ပွဲမှာ ကျတာလို့  ဘေကျင်း အစိုးရကို အဲဒီလို ပြောတယ်။ အဲဒါ ဒီလူက တိုက်ပွဲ မဖြစ်ခင် သေတယ်လေ။  ဒီလူရဲ့ အလောင်းကို ကျနော်တို့က မရမက တောင်းပြီးမှ သူတို့က ပြန်လာပို့တယ်။  အဲဒီတော့ တိုက်ပွဲမှာ သေတာ မဟုတ်ဘူး။ တယောက်တည်း ရုံးမှာ နေနေတာကို  သူတို့က ၀ိုင်းပြီး ဖမ်းလိုက်တာ။ အဲဒါပဲ။ 
မေး ။ ။ မြန်မာ့တပ်မတော်က ဒီဒေသကို ထိုးစစ်ဆင်နေတာ ဘာကြောင့်လို့ ထင်သလဲ။
ဖြေ  ။ ။ သူတို့ဘက်က ဒီဒေသ တခုလုံးကို စိုးမိုးချင်တယ်။ ပထမ အဆင့်ပေါ့။ အဲဒါ  စိုးမိုးလို့ရရင် အခြား အပိုင်းတွေ ပြန်လုပ်မှာပေါ့။ ဒီနေရာကို စိုးမိုးရင်  တပ်မဟာ ၃၊ တပ်မဟာ ၅ ဌာနချုပ်တွေကို ဖြတ်တောက်ပြီးသား ဖြစ်သွားတယ်။ ဒီနေရာက  မိုးမောက် (မြို့) ကနေပြီးတော့ တရုတ်ပြည် နယ်စပ်ကို အတိုဆုံး နေရာ  ဖြစ်တယ်လေ။ ကီလိုမီတာ ၃၀ လောက်ပဲ ရှိတာ။ အဲဒါကြောင့် ဒီနေရာကို သူတို့  လိုချင်တယ်။ အဲဒါကြောင့်ပဲ။
မေး ။ ။ ကေအိုင်အေ ဘက်ကတော့ အစစ အရာရာ ပြင်ထားပြီးပြီလား။ 
ဖြေ  ။ ။ ပြင်ထားသလောက်တော့ ပြင်ထားပြီးပါပြီ။ ကျနော်တို့ အားလုံး တောက်လျှောက်  (အထက်က) အမိန့် ပေးတဲ့ အတိုင်း လုပ်နေပါတယ်။ ကျနော်တို့က ဘာပဲဖြစ်ဖြစ်လေ  ဖြေရှင်းတဲ့ နည်းလမ်းကို လိုချင်တယ်။ ကျနော်တို့ တိုက်နေတာက ခုခံ ကာကွယ်တဲ့  အဆင့်ပဲ။ တပ်စုတွေနဲ့လည်း ညှိနေပြီ။ သိပ်ပြီး ကျယ်ပြန့်သွားတဲ့  အဖြစ်မျိုးတော့ မဖြစ်စေချင်ဘူး။ မတတ်နိုင်ရင်တော့ လုပ်ရမှာပဲ။ 
မေး ။ ။ မဟာမိတ် အခြေအနေကရော ဘယ်လိုရှိလဲ။ 
ဖြေ  ။ ။ ကျနော်တို့ ၄၊ ၅ ဖွဲ့နဲ့ ညှိနေပါပြီ။ ထုတ်ပြောလို့တော့ မရပါဘူး။  ရထားတဲ့ အဖွဲ့တွေ ၃၊ ၄ ဖွဲ့ရှိနေပါပြီ။ အခုလည်း တက်လာနေကြပါပြီ။ 
မေး ။ ။ ၅ ဖွဲ့ဆိုတာ သဘောတူညီချက် စာချုပ်ချုပ်ထားတဲ့ တိုင်းရင်းသား စစ်ရေး မဟာမိတ် အဖွဲ့ ၅ ဖွဲ့ကို ဆိုလိုတာလား။ 
ဖြေ  ။ ။ မဟုတ်ပါဘူး။ စာချုပ်ထဲမှာ မပါတဲ့ အဖွဲ့တွေလည်း ပါပါတယ်။ ၅ ဖွဲ့ဆီကတော့  ကတိတွေ ရထားပါပြီ။ ဘယ်နေ့မှာ စတင်မလဲ ဆိုတဲ့ အပိုင်းလောက်ပဲ ကျန်တော့တယ်။  အချို့လည်း တက်လာပါပြီ။ အချို့ကတော့ သူတို့ရဲ့ ဆက်ဆံရေး အရာရှိတွေ ရုံး  လာထိုင်နေပြီ။ ၂ ရက်လောက် ရှိနေပြီ။ ။
အင်တာဗျူး .
သတင်းရင်းမြစ် - ဧရာဝတီ 











No comments:
Post a Comment