စစ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ရပ်စဲရေး ကမ္ဘာအနှံ့ရှိ ကရင်များ တောင်းဆို
တိုက်ပွဲကြောင့် ၂၀၁၀ နိုဝင်ဘာ လကုန်ပိုင်းက ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာရသော စစ်ပြေး ဒုက္ခသည်များ 
(ဓာတ်ပုံ - ဧရာဝတီ)
01 March 2011 ,စစ်အစိုးရက ကရင်ပြည်သူများအား  တိုက်ခိုက်နေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ အမြန်ဆုံး  ရပ်စဲရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င်  နိုင်ငံတကာ အစိုးရများက ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာတ၀န်းရှိ  ကရင်တိုင်းရင်းသား ၈၄၀၀၀ က လက်မှတ်ထိုး တောင်းဆိုသည့် လှုပ်ရှားမှုတခုကို  မကြာသေးခင်က ပြုလုပ်လိုက်သည်။ 
ယင်း လှုပ်ရှားမှုကို ကရင်အမျိုးသား  အစည်းအရုံး(KNU) က ဦးဆောင်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ  ကရင်တိုင်းရင်းသား အဖွဲ့ ၃၀ ပါဝင်ကြောင်း နှင့် ပထမဆုံး အကြိမ်ဖြစ်ကြောင်း  KNU က ပြောသည်။
အဆိုပါ ကရင်တိုင်းရင်းသားများ  လက်မှတ်ထိုးတောင်းဆိုချက် မိတ္တူများကို ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်  ကမ်ရွန်း ၊ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂီးလ်လာ့ဒ် အပါအ၀င် ဂျပန်၊  နော်ဝေး၊ ဂျာမနီ၊ ဒိန်းမတ်၊ ဆွီဒင် နှင့် ကနေဒါ စသည့် နိုင်ငံကာ  အစိုးရများထံသို့ ပေးပို့ကြောင်းလည်း သိရသည်။ 
ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့်  KNU ၏ ထုတ်ပြန်ချက်တွင်“စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို  ခံနေရတဲ့ သာမန် ကရင်တိုင်းရင်းသား ပြည်သူတွေက ကုလသမဂ္ဂကို မေတ္တာရပ်ခံ  တောင်းဆိုတာပါ”ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် က  ပြောဆိုထားသည်။
၎င်းက ဆက်လက်ပြီး“ဗမာ စစ်အစိုးရ  စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို  ကျူးလွန်ခဲ့တာဟာ အချိန်ကြာမြင့်ခဲ့ပါပြီ”ဟုလည်း ဆိုသည်။
ကရင်ပြည်နယ်အတွင်း စစ်အစိုးရက  ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းများနှင့် လူ့အခွင့်အရေး  ချိုးဖောက်နေခြင်းများကို ရပ်ဆိုင်းသွားစေရန်အတွက် မစ္စတာ ဘန်ကီမွန်း  အနေဖြင့် ၎င်း၏ အာဏာကို သုံး၍ ဖိအားပေး ဆောင်ရွက်ရန် တောင်းဆိုကြောင်းလည်း KNU  ထုတ်ပြန်ချက်၌ ပါရှိသည်။
ယင်းထုတ်ပြန်ချက်တွင်  နိုင်ငံတကာရှိ သက်ဆိုင်ရာအစိုးရများကလည်း စစ်အစိုးရအနေဖြင့် မြန်မာပြည်တွင်  အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေးများအတွက်  တပြည်လုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန်၊ ထိုမှတဆင့်  ပြီးပြည့်စုံသည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်၍ အမျိုးသားပြန်လည်  သင့်မြတ်ရေး၊ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးနှင့်  ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးများပြုလုပ်ရန်အတွက် မစ္စတာ ဘန်ကီမွန်းနှင့်  ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ထားသည်။
KNU ထုတ်ပြန်ချက်၌ ကရင်အရပ်သား  ပြည်သူများအပေါ် အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လုယက်မှု၊ ခြိမ်းခြောက်မှု၊  ရပ်ရွာအိုးအိမ် လယ်ယာမြေ သီးနှံများ ဖျက်ဆီးမှု၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှု၊  ဥပဒေမဲ့ သတ်ဖြတ်မှုများအပါအ၀င် အမျိုးသမီးနှင့် ကလေးငယ်များကို စနစ်တကျ  မတရားပြု ကျင့် နှိပ်စက် ခြင်းများအား ဆယ်စုနှစ် များစွာ စစ်အစိုးရ က  ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတွင် လွန်ခဲ့သည့် ၁၅ နှစ်  အတွင်း ကျေးရွာပေါင်း ၃၆၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် ၂၀၁၀ နိုဝင်ဘာလ  ရွေးကောက်ပွဲ မတိုင်မီကာလတွင် ကရင်ပြည်နယ်၌ အရပ်သား ၁၈ ဦး အသတ်ခံရပြီး ၃၈  ဦး နှိပ်စက် ညှဉ်းပန်းခံရကြောင်း၊ အရပ်သား ၅၂ ဦး အကြောင်းမဲ့  ဖမ်းဆီးခံရပြီး ၂၃၃၆ ဦး အဓမ္မလုပ်အားပေး ခိုင်းစေခံရကြောင်း၊ အိုးအိမ်  စာသင် ကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများ အပါအ၀င် အဆောက်အအုံပေါင်း  ၁၉၈ ခု ဖျက်ဆီးခံခဲ့ရကြောင်း၊ လယ်ယာမြေနှင့် စိုက်ပျိုးခြံပေါင်း ၁၄၆ ခု  ဖျက်ဆီးခံခဲ့ရပြီး အရပ်သား ၃၀၀၀ မှာ ရပ်ရွာ စွန့်ခွာ၍ တောတောင်များထဲ၌  ရှောင်တိမ်း ပုန်းအောင်း နေ ထိုင် ခဲ့ရကြောင်း KNU စစ်တမ်းအရ သိရသည်။
၂၀၁၀ နိုဝင်ဘာ ၇ ရက်  ရွေးကောက်ပွဲသည် ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းတည်ငြိမ်ရေးများ အ တွက် တိုးတက်မှု မဖြစ်ပေါ်စေခဲ့ကြောင်း၊ အခြေခံ  ပြဿနာများဖြစ်သည့် တိုင်းရင်းသား လူမျိုးများ တန်းတူမှု နှင့်  လူ့အခွင့်အရေး ပြ ဿနာများကို ဖြေရှင်း မပေးနိုင်ကြောင်း KNU က  ထုတ်ပြန်ပြောဆိုထားသည်။
ထိုရွေးကောက်ပွဲပြုလုပ်ရန်  ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် စစ်အစိုးရ အာဏာ  ဆက်လက်တည်မြဲရေး အတွက်သာ ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစု အခွင့်အရေး  ကာကွယ်ရေးများအတွက် မည်သို့မျှ အာမခံချက်ပေးမထားကြောင်း၊ တိုင်းရင်းသား  လူမျိုးစုများအနေဖြင့် ဆိုးဝါးစွာ ခြိမ်းခြောက် ခံနေရခြင်းဖြစ်ကြောင်းလည်း  KNU ကပြောဆိုသည်။
ရွေးကောက်ပွဲကျင်းပနေသည့် ၂၀၁၀  နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့များက စတင်၍ ကရင်ပြည်နယ် အတွင်း တိုးတက်သော  ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့် စစ်အစိုးရ တပ်များ  ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံ ဒုက္ခ သည် ၂၀၀၀၀ ကျော်  ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ တိုက်ပွဲများ  ဆက်လက်ဖြစ်ပွားနေဖြစ်ပြီး စစ်ပြေး ဒုက္ခသည် ၁၀၀၀၀ ခန့် ထိုင်းနိုင်ငံဘက်တွင်  ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ  လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ကလည်း  မြန်မာ စစ် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်  အိမ်နီးချင်းနိုင်ငံများဆီ ဒုက္ခသည်များ ထွက်ပြေးလာရသည့်အတွက် ဒေသ တွင်း  ၀န်ထုပ် ၀န်ပိုးဖြစ်ရကြောင်း မကြာသေးခင်က ဝေဖန် ပြောဆိုထားသည်။
သတင်းရင်းမြစ် _ ဧရာဝတီ











No comments:
Post a Comment