ရန်ကုန်လေဆိပ်၌ နိုင်ငံခြားပြန်များကို ခြိမ်းခြောက် ငွေညှစ်နေ
အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ် (ဓာတ်ပုံ - Freedom News Group)
21 March 2011,ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊  စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က  ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာ အလုပ်သမားများထံမှ  ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း  ကြုံတွေ့ခဲ့ရသူများက ပြောသည်။
မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့်  ထိုင်းနိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ပြီး  ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများကို လေဆိပ်တာဝန်ကျ  အစိုးရ၀န်ထမ်းများက သက်ဆိုင်ရာ မြန်မာသံရုံးများတွင် ၀င်ငွေခွန်မဆောင်  ခဲ့သည့်အတွက် ဖမ်းဆီးအရေးယူနိုင်သည်ဟု အကြောင်းပြ ခြိမ်းခြောက်ပြီး  ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ပနိုင်ငံများမှ  ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများက ပြောဆိုကြသည်။
“ရန်ကုန် လေဆိပ်မှာ Channel  (နေရာ) တွေခွဲထားတယ်။ အလုပ်လုပ်ပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို  စိစစ်တဲ့ channel က သပ်သပ်။ အလည်နဲ့ မှီခို သွားပြီး ပြန်လာတဲ့  မြန်မာနိုင်ငံသားတွေ စိစစ်တဲ့ Channel က တခု။ နိုင်ငံခြားမှာ  အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ အားလုံးကို လေဆိပ်တာဝန်ကျ  လ၀က၊ အကောက်ခွန်၊ ရဲတွေနဲ့ စရဖ တို့ပေါင်းပြီး ငွေတောင်းတယ်။ သူတို့က  ခင်ဗျားတို့ နိုင်ငံခြားမှာ နေတုန်းက သံရုံးမှာ ၀င်ငွေခွန် မဆောင်ခဲ့ဘူး။  ဒါကြောင့် တယောက်ကို အနည်းဆုံး ဆယ်ဒေါ်လာ ပေးရမယ် ဆိုပြီး တောင်းတယ်။ လ၀က  ကောင်တာမဖြတ်ခင် ကတည်းက ပိုက်ဆံကြိုထုတ်ထားဖို့ လေဆိပ်ဝန်ထမ်း တွေက  ပြန်လာတဲ့ သူတွေကို ပေါ်ပေါ်တင်တင် တရားဝင်ကို လိုက်ပြောတာ”ဟု  စင်ကာပူနိုင်ငံရှိ သင်္ဘောကျင်းတခုတွင် အထွေထွေ အလုပ် သမားအဖြစ်  လုပ်ကိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား တဦးက ရှင်းပြသည်။
မလေးရှားနိုင်ငံမှ  ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားအများစုသည် ရန်ကုန်လေဆိပ်၊ လ၀က  ကောင်တာကို ဖြတ် သန်းချိန် တဦးလျှင် မလေးရှား ရင်းဂစ် တဆယ် ပေးရကြောင်း၊  ရင်းဂစ် တဆယ် မပေးဆောင်လျှင် အကောက်ခွန် ၀န်ထမ်းများက ခရီးဆောင်အိတ်များ၊  လက်ဆွဲအိတ်များကို ရှာဖွေပြီး နိုင်ငံခြားငွေကို တရားဝင်ကြေညာခြင်းမပြုဘဲ  သယ်ဆောင် သည်ဟုဆိုကာ ဥပဒေအရ အရေးယူရန် ခြိမ်းခြောက်၍ပါသမျှ ငွေကြေးကို  သိမ်းယူခြင်းများပြုလုပ်ကြောင်း မလေးရှားနိုင်ငံတွင် သုံးနှစ်ကြာ အလုပ်  လုပ်ပြီး မြန်မာနိုင်ငံ ပြန်လာသည့် အလုပ်သမားတဦးက ဆိုသည်။
“မလေးရှားက အလုပ်လုပ်ပြီး  ပြန်လာတဲ့သူ ဆိုရင် ရင်းဂစ် တဆယ်၊ စင်ကာပူဆိုရင် စင်ကာပူ ဒေါ်လာ ၂၀ ၊  ဂျပန်ဆိုရင် အမေရိကန် ဒေါ်လာ ၅၀ လောက်ထိ လေဆိပ် ၀န်ထမ်းတွေက တောင်းတယ်။  ပိုက်ဆံ မပေးရင် ရစ်တယ်၊ ပြဿနာ ရှာတယ်။ 
တော်တော်  များများကလည်း ပြန်လာတဲ့အချိန် ပြဿနာ မတက်ချင်တော့ တောင်းသမျှ ပေးကြတယ်။  လေယာဉ် တစီးဆိုက်ပြီးရင် မြန်မာ အလုပ်သမား တွေကို စိစစ်တဲ့ လ၀က ကောင်တာမှာ  နိုင်ငံခြား ပိုက်ဆံတွေ ကြွပ်ကြွပ်အိတ် အမည်းတွေနဲ့ ကျူံးပြီးသိမ်းရတဲ့ အထိ  ပိုက်ဆံတွေက များတယ်”ဟု လေဆိပ် ၀န်ထမ်းတဦးက ပြောပြသည်။
ရန်ကုန်လေဆိပ်တွင် ပြည်ပမှ  ပြန်ရောက် လာသူများ အားလုံးကို လ၀က ၀န်ထမ်းများက လုပ်ငန်းနှင့်  မသက်ဆိုင်သော မေးခွန်းများ မေးမြန်းပြီး စိစစ် မှုများ ပြုလုပ်ကြကြောင်းလည်း  သိရှိရသည်။
“ရန်ကုန်လေဆိပ်မှာ မလိုအပ်တဲ့  မေးခွန်းတွေမေးတယ်။ အလည်သွားတာလား၊ ဟိုမှာ ဘယ်လောက်ကြာလဲ၊ ဘာကိစ္စ သွားတာလဲ၊  ဟိုမှာ ဘယ်သူရှိလဲ ဆိုတဲ့ မေးခွန်းတွေ မေးတယ်။ ဒါတွေက ပုဂ္ဂိုလ်ရေး  ကိစ္စတွေကို ၀င်ရောက် စွက်ဖက်တာပဲ။ နိုင်ငံခြား လေဆိပ်တွေ မှာ အဲဒီလို  မမေးဘူး။ ဗီဇာပြပြီး အေးအေး လူလူ ၀င်သွားလို့ ရတယ်။ ကိုယ့်နိုင်ငံ  ပြန်ရောက်မှ အမေးခံရ၊ အစစ်ခံရတာ။ လေဆိပ် ၀န် ထမ်းတွေက မလိုအပ်ဘဲ အာဏာပြ  နေကြတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပုံမှန် သွားနေသူ စီးပွားရေး  သမားတဦးက ဆိုသည်။
အကောက်ခွန် အသိုင်းအ၀ိုင်း၏အဆိုအရ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လ၀က ၊ ရဲ၊ အကောက်ခွန် ၀န်ထမ်း နှင့်  စရဖ များကို လစဉ် အပြောင်းအလဲပြုလုပ်လေ့ရှိပြီး လေဆိပ်တွင်  တာဝန်ထမ်းဆောင်ခွင့်ရချိန် ၀င်ငွေအများအပြားရရှိခြင်းကြောင့် တာဝန်  ထမ်းဆောင်လိုသူ များပြားကြောင်း သိရှိရသည်။
အငြိမ်းစား အစိုးရ  ၀န်ထမ်းတဦးကမူ“လာဘ်ပေး လာဘ်ယူ ဆိုတာက ထိပ်ပိုင်းကစပြီးဖြစ်နေတာ။  အောက်ခြေတင် မဟုတ်ဘူး။ အရေးယူမယ်ဆိုရင် ထိပ်ဆုံးက လူတွေကို စပြီး အရေးယူမှ  ရမယ်။ ဒါက အလေ့အထ တခုလိုဖြစ်နေပြီ။ ဘယ်သူမဆို လုပ်စားခွင် ရရင်  လုပ်ကြမှာပဲ။ အစိုးရ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ လာဘ်ပေး လာဘ်ယူ  မလုပ်တဲ့သူဆိုတာ ခပ်ရှားရှားပဲ”ဟု ဝေဖန်ပြောဆို သည်။
သတင်းရင်းမြစ် _ ဧရာဝတီ











No comments:
Post a Comment