အစိုးရ၏ ကမ်းလှမ်းမှု DKBA တုံ့ပြန်
23 August 2011,
ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချ လိုက်သည်ဟု
တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)တပ်မဟာ ၅ ၏
စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်က ဧရာဝတီကို ယနေ့ ပြောသည်။
ကြာသပတေးနေ့က နေပြည်တော်မှ ကိုယ်စားလှယ် အဖွဲ့တခု ဘားအံမြို့ တောင်ကလေး ဆရာတော် ဦးပညာသာမိထံသို့ သွားရောက်ပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ် ပေးရန် ချည်းကပ်ခဲ့ကြောင်း၊ ဆရာတော် ကလည်း ကြားဝင် စေ့စပ် ပေးခဲ့ကြောင်း ဗိုလ်ချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေးက ရှင်းပြသည်။
"ဒီနည်းက အရင်က သူတို့ လုပ်ခဲ့တဲ့ နည်းဟောင်းတွေပဲ။ သူတို့ သဘောထား မှန်မယ်ဆိုရင် တနိုင်ငံလုံး ငြိမ်းချမ်းရေး အစစ်အမှန်ကို သူတို့ လုပ်ရမှာ ဖြစ်တယ်။ ဒါကြောင့် (ဦး)သိန်းစိန် အဖွဲ့ရဲ့ ကမ်းလှမ်းမှုကို ကျနော်တို့ လုံးဝ ပယ်ချ လိုက်တာဖြစ်တယ်" ဟု သူက ပြောသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန်တိုက်တွန်းထားသော အစိုးရ၏ ကြာသပတေးနေ့ ကြေညာချက်ကိုလည်း DKBA က တုန့်ပြန်ထားသည်။
DKBA တပ်မဟာ ၅ က ယမန်နေ့က ကြေညာချက် ထုတ်ပြန်ရာတွင် ဦးသိန်းစိန်အစိုးရ တဖွဲ့တည်း သဘောနှင့် လုပ်ဆောင်ပါက ပြည်တွင်း ငြိမ်းချမ်းရေး မရနိုင်ကြောင်း ဖော်ပြထားပြီး အပစ်အခတ် ရပ်စဲရေးကို ကရင်ပြည်နယ် အတွက်သာမက တနိုင်ငံလုံး အတွက် တရားဝင် ကြေညာရန် တောင်းဆို လိုက်သည်။
ထို့ပြင် တိုင်းရင်းသား ဒေသတွင် တပ်စွဲထားသော စစ်တပ်များ ပြန်ရုတ်သိမ်းရန်၊ နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး နိုင်ငံရေးတွင် ပါဝင်ခွင့်ပြုရန်၊ အစိုးရက NLD အပါအ၀င် နိုင်ငံရေး ပါတီများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေး ဆောင်ရွက်ရန် တို့ကိုလည်း တောင်းဆို ထားသည်။
DKBA သည် ၁၉၉၅ တွင် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်လာသည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည်။ DKBA တပ်တချို့သည် အစိုးရ၏စီစဉ်မှုဖြင့် မကြာသေးမီက နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းသွားသည်။
ဤအတောအတွင်း ကရင်နယ်ခြားစောင့်တပ်မှ တပ်မှူးကြီးများ နှင့် အစိုးရ စစ်တပ်အရာရှိများက DKBA တပ်ဖွဲ့ဝင်များကို သွေးခွဲ၊ စည်းရုံးနေသည်ဟု စောလားပွယ်က ဆိုသည်။
ယမန်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပနေစဉ် DKBA က မြ၀တီ၊ ဘုရားသုံးဆူ မြို့နယ်တို့ကို ၀င်ရောက် တိုက်ခိုက်ခဲ့သည်။
ယခု DKBA နှင့် ညှိနှိုင်းရေးအတွက် အာဏာပိုင်တို့ ချည်းကပ်ခဲ့သည့် တောင်ကလေး ဆရာတော်သည် ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည်။ ယခင်ကလည်း အာဏာပိုင်တို့က ကရင်ပြည်နယ်အတွင်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုများအတွက် ဆရာတော်ကို ချည်းကပ်ခဲ့ကြသည်။
၂၀၁၀ ရွေးကောက်ပွဲ ကာလကလည်း ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်း ခေါင်းဆောင်များဖြစ်သော ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း၊ သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်တို့သည် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရရှိရေးအတွက် တောင်ကလေး ဆရာတော်ထံ ချည်းကပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ် - ဧရာဝတီ
No comments:
Post a Comment