ယမန်နေ့က
 ဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းဖြစ်တာကတော့ ဦးသိန်းစိန်နဲ့ 
တွေ့ဆုံပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအင်က 
လူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားတို့ တွေ့ဆုံကြတဲ့ဆီမှာ 
လက်ရှိတိုင်းပြည်အတွက် အများပြည်သူအကျိုးဖြစ်ပေါ်စေဖို့ အခြေအနေတွေ၊ 
လိုအပ်ချက်တွေ ဘယ်ရွေ့ဘယ်မျှ ပြောဆိုဆွေးနွေးဖြစ်သလဲ၊ နေပြည်တော်က 
ပြန်လာတဲ့ ကွင်တာနားကိုယ်တိုင်ကကော ဘယ်လောက် အကောင်းမြင်တာတွေ ရှိသလဲ၊ 
မရှိဘူးလဲ ဆိုတာတွေကို မေးမြန်းဖြစ်တာ ဖြစ်ပါတယ်။ 
ပထမဆုံး
 ကြိုတင်ပြီး တိုင်းတာချင်တဲ့အချက် ၃ ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ 
ပါတီအပါအ၀င် ကွန်ယက်တွေက ၂၀၁၁ မြန်မာနှစ်ဆန်းမှာ၊ ဧပြီလလယ်မှာ သမ္မတကြီးထံ 
လက်မှတ်ထိုးတောင်းဆိုတဲ့ ကင်ပိန်းတခုကို စတင်ခဲ့တယ်။ အဲသည်မှာ ၁ အချက် 
နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ လွတ်မြောက်ဖို့၊ ၂ က ပြည်ပရောက် 
မြန်မာတိုင်းရင်းသားတွေ လုံခြုံအေးချမ်းစွာ အိမ်ပြန်လာနိုင်ကြဖို့၊ ၃ 
အချက်ကတော့ ပြည်တွင်းစစ်တွေ ရပ်စဲပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကို 
ဦးတည်ကြဖို့ ဆိုတာဖြစ်တယ်။ အခုအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲမှတ်ပုံတင် 
ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က အလားတူ သဘောထားတွေ 
တောင်းဆိုမှုတွေ ဖော်ထုတ်လာတယ်။ အစိုးရကိုယ်တိုင်ကလည်း ထိုအချက် ၃ ချက်ကို 
ချဉ်းကပ်တဲ့ တုန့်ပြန်မှုတွေ လုပ်လာသလိုလို ဖြစ်နေတယ်။ အခု နေပြည်တော်က 
လွှတ်တော်အစည်းအဝေးတွေမှာလည်း ကော်မရှင်တွေဖွဲ့တာ၊ ဆွေးနွေးတာတွေ 
လုပ်လာတာတွေကို တွေ့နေရပြီ ဖြစ်တယ်။ 
အဲသည်လို
 အခြေအနေမျိုးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားကို 
လက်ရှိအစိုးရအသစ်ကို လက်ခံတွေ့ဆုံတဲ့ဆီမှာ ယခင်နအဖစစ်အာဏာပိုင်တွေနဲ့ 
မတူတဲ့ခြားနားတဲ့ လက်ခံတွေ့ဆုံမှုတွေ၊ ရင်းနှီးမှုတွေလုပ်လာတယ်။ 
အတိုက်အခံအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမှုတွေကိုပါ 
ခွင့်ပြုတာမျိုးတွေ တွေ့မြင်ရပါတယ်။ အဲသည်အတွက် ဆရာ့အနေနဲ့ ဘယ်လို 
ပြောချင်ပါသလဲ။ 
"နိုင်ငံရေးအကျဉ်းသားတွေ
 လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး သူကိုယ်တိုင်လဲ ပြောတယ်၊ နောက်ပြီးတော့ 
အကျဉ်းထောင်တွေကိုလည်း သွားခွင့်ပြုတယ်။ သူတွေဆုံချင်တဲ့သူတွေနဲ့လည်း 
တွေ့ဆုံခွင့်ရတယ်လို့ မစ္စတာကွင်တာနားက ပြောပါတယ်။" 
ကျနော်တို့
 ကြားတာကတော့ အစိုးရကိုယ်တိုင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့
 ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောတယ်။ ဥပမာ လွန်ခဲ့တဲ့ 
ဇူလိုင်လကုန်ပိုင်းမှာ နေပြည်တော်မှာ ၂၀၁၀ရွေးကောက်ပွဲပါတီတွေကို 
ခေါ်ပြီးတော့ ၉၀ရွေးကောက်ပွဲတုန်းက တပ်မတော်ကို ခြိမ်းခြောက်တာတွေ ရှိလို့ 
ဘာညာဆိုပြီး သူတို့စိုးရိမ်မှုတွေ ပြောဆိုသလိုမျိုး ကွင်တာနားကိုလည်း 
သူတို့ရဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်မှာ စိုးရိမ်တယ်လို့များ အစိုးရက 
ပြောလိုက်သလား။ 
"အင်း
 … အဲလိုပြောရင် ရမလား မသိဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို 
လွှတ်လိုက်လို့ရှိရင် တိုက်ပွဲခေါ်မှာကို သူတို့က စိုးရိမ်တယ်ပေါ့လေ၊ 
အခုထောင်ကျနေတဲ့ သူတွေဆိုတာက လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်နိုင်တဲ့သူတွေ၊
 လုပ်ကိုင် နိုင်တဲ့သူတွေဆိုတော့ သူတို့ (အစိုးရ) က ကြောက်နေတယ် ဆိုတာမျိုး
 ရှိတယ်လို့ ကွင်တာနားကို ပြောတယ်လို့ ဆိုတယ်။ အဲသည်မှာ 
စိတ်ဝင်စားစရာတခုကတော့ ကျနော်တို့ပါတီရဲ့ ခေါင်းဆောင်တွေဖက်က 
တုန့်ပြန်ချက်က အင်န်အယ်ဒီအနေနဲ့က သူတို့တွေကို ၀င်ရောက်ညှိနှိုင်းမှုတွေ၊ 
ဖြေရှင်းမှုတွေ လုပ်ပေးနိုင်တာပဲလို့ ပြောလိုက်တယ်လို့ သိရတယ်"
ဒါဆိုရင်
 ဒေါ်အောင်ဆန်းစုကြည်တို့၊ အင်န်အယ်ဒီတို့က အခုအစိုးရနဲ့ နိုင်ငံရေး 
အကျဉ်းသားတွေကြားထဲမှာ ၀င်ပြီးတော့ ပြောသလို ဖြစ်နေတာပေါ့ ဆရာ။ ဆရာကကော 
ကွင်တားနားအတွက် ဘာပေးလိုက်တာ ရှိသလဲ။ 
"ကျနော်ကတော့
 ကျနော့်ထောင် အတွေ့အကြုံတွေကို ရေးထားတဲ့ "ဘာလဲဟဲ့ လူ့ငရဲ" စာအုပ်ကို 
ပေးလိုက်တယ်။ ခင်ဗျား ဗမာလိုဖတ်တတ်တဲ့သူတွေ ရှာပြီး ဘာသာပြန်ခိုင်းပြီးတော့
 ကျနော်ဘာတွေ ရေးထားတယ်၊ ဘယ်အချက်တွေ တင်ပြထားတယ်ဆိုတာတွေ 
တွေ့ပါလိမ့်မယ်လို့ ပြောလိုက်တယ်။ ကွင်တာနားနဲ့ တွေ့တဲ့ကိစ္စကတော့ ဒီလောက်ပဲ
 ပြောစရာရှိတယ် ထင်တယ်။" 
ဟုတ်ပါပြီ။
 ပြီးခဲ့တဲ့ အပတ်မှာ ဒေါ်စုနဲ့ သမတဦးသိန်းစိန်တို့ 
ရင်းရင်းနှီးနှီးတွေ့ဆုံကြတယ်။ ၁ နာရီကြာ ပြောဆိုဆွေးနွေးကြတာတွေ လုပ်တယ်။ 
အခု ပြန်ရောက်လာပြီးတော့ ဆရာတို့ကိုလည်း ပြန်အစီရင်ခံပြီးပြီပေါ့လေ။ 
အင်န်အယ်ဒီစီအီးစီတွေ အပါအ၀င်ပေါ့။ အဲသည်မှာ ပြောပြောနေတဲ့ 
ကျေနပ်အားရမှုဆိုတာတွေကို နည်းနည်းလောက် ချဲ့ပြီး ပြောနိုင်မလား။ 
"ပြောလို့ရတာကတော့
 ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြတာမှာ 
ရင်းရင်းနှီးနှီးတွေ့ဆုံ စကားပြောဆိုကြတယ်။ သူတို့အစိုးရအနေနဲ့က 
ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲပြီး လုပ်ကြဖို့ ကြိုဆိုတယ်။ 
စီးပွားရေးကိစ္စတွေ၊ မသမာမှုတွေ ပပျောက်ဖို့တွေ စတာတွေကို လုပ်ပါလို့ 
ပြောကြတယ် ဆိုတယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က စကားပြောတဲ့ဆီမှာ 
ဘယ်လိုပုံသဏ္ဍန်မျိုးနဲ့ ပြောဆိုရပ်တည်လာသလဲဆိုတော့ အတိုက်အခံအနေနဲ့ 
စကားပြောနေတာမျိုးမဟုတ်ဘဲ၊ မိတ်ဖက်အသွင်ကို ဆောင်တဲ့သဘောမျိုးနဲ့ လက်ခံပြီး
 စကားပြောတယ်လို့ ပြောရင် ရမယ်ထင်တယ်။ အစိုးရလုပ်သမျှကို လက်မခံဘဲ 
ပယ်ချနေတဲ့ အတိုက်အခံမျိုးမဟုတ်ဘူး၊ ပြည်သူလူထုအကျိုးစီးပွားကို ရှေ့ရှုတဲ့ 
အကျိုးဖြစ်ထွန်းမှုကို ပြောဆို ထောက်ပြဖို့ ရပ်တည်တဲ့ သဘောမျိုး 
ဖြစ်လာတယ်လို့ ပြောချင်တယ်။" 
ဒါဆိုရင်
 အတိုက်အခံသဘောမျိုးလဲ မဟုတ်ဘူး၊ အာဏာရတွေနဲ့ အာဏာခွဲဝေပြီး 
လက်တွဲတာမျူိုးလည်း မဟုတ်ဘူးဆိုရင် အခုအချိန်မှာ လက်ရှိအခြေအနေမှာ 
တိုင်းပြည်တိုးတက်အောင် ပြုပြင်ပြောင်းလဲရေးတွေကိုပဲ အတူ 
အာရုံစိုက်လုပ်ကြဖို့ ပြန်လည်ထူထောင်ရေးတွေကို လုပ်ကြဖို့ကို 
ဦးတည်တဲ့ဆီမှာ အတူတူ စရပ်တည်ကြမယ်လို့ ပြောနေတာလား။ 
"တိုင်းပြည်က
 အခုလက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး ပြသနာ၊ လူမှုရေးပြသနာ၊ 
ဖွံဖြိုးရေးပြသနာတွေမှာ အင်န်အယ်ဒီကလည်း 
တတ်စွမ်းနိုင်တဲ့နေရာတွေကနေပြီးတော့ တနည်းတလမ်းက ညွှန်ပြသွားမယ်၊ 
ထောက်ပြသွားမယ်ဆိုတဲ့ သဘောဖြစ်လာတယ်။ ခင်ဗျားပြောသလို အတိုက်အခံလည်း 
မဟုတ်ဘူး၊ Power Sharing လည်း မဟုတ်တဲ့ အခမ်းကဏ္ဍမျိုးလို ဖြစ်လာတယ်။ 
အဲသည်ကြားထဲက အနေအထားမျိုး ဖြစ်လာတယ်လို့ ပြောနိုင်တယ်။ " 
ဒါဆိုရင်
 အစိုးရဖက်က အလုပ်နဲ့ သက်သေပြမှပဲ တကယ်ဟုတ်မဟုတ် သိနိုင်မှာပေါ့ ဆရာ။ 
အခုအချိန်မှာ လက်ရှိအစိုးရအနေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ 
အကျိုးစီးပွားကို ကြည့်ပြီးတော့ လုပ်ဆောင်ရမယ့် အရေးအခင်းတွေ၊ 
အကြပ်အတည်းတွေက အများကြီးပဲဆရာ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ 
ပြည်ပက မြန်မာတိုင်းရင်းသားတွေ ပြန်လာနိုင်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး 
အစစ်အမှန်ဖော်ဆောင်ဖို့တွေအပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမားရေး၊ ပညာရေး၊
 သဘာ၀၀န်းကျင်နဲ့ အထွေထွေ ချွတ်ခြုံကျမှုတွေကို အရှိအတိုင်း လက်ခံပြီး 
ပြုပြင်ပြောင်းလဲဖို့၊ ပြောဆိုထောက်ပြတာတွေကို တကယ်အကောင်အထည်ဖော်ဖို့ 
သူတို့ကိုယ်တိုင်က လုပ်ပြမှ ဖြစ်မှာလေ ဆရာ။ ဒါကို ဆရာတို့ အင်န်အယ်ဒီပါတီက 
ဘယ်လိုမျိုး လွှတ်တော်ပြင်ပကနေ ဆောင်ရွက်ကြမှာလဲ ဆရာ။ 
"ကျနော့်အမြင်ကတော့
 ပြည်သူလူထုက တင်ပြတောင်းဆိုနေတာတွေ၊ ဆန္ဒတွေကို ကြားနာလက်ခံပြီးတော့ 
အလွတ်သဘော တုန့်ုပြန်ပြောဆိုနေတာထက် အစိုးရကိုယ်တိုင်အနေနဲ့ ဥပဒေတွေ 
ထုတ်ပြန်ချက်တွေနဲ့ တရားဝင်ကြေညာချက်တွေ ထုတ်ရမယ်။ ဒီကိစ္စတွေ ပြသနာတွေကို 
ဖြေရှင်းနိုင်ဖို့ ပညာရှင်တွေ၊ ဘာတွေကို ဖိတ်ခေါ်ဖွဲ့စည်းဖို့ကိုပါ 
လုပ်ကြရမယ်။ မီဒီယာတွေကိုလည်း လွတ်လွတ်လပ်လပ် ရေးသားပြောဆိုခွင့်တွေ 
ပိုပြီး ပေးကြရမယ်။ ဒါမျိုးတွေ ချဲ့ဖို့လိုတယ်" 
မီဒီယာလွတ်လပ်ခွင့်ဆိုလို့
 အခုတောင် မီဒီယာလွတ်လပ်ခွင့်တွေ ပေးနေပါပြီ။ သတင်းကို လွတ်လွတ်လပ်လပ်ယူပါ။
 သတင်းမီဒီယာအဖွဲ့တွေကနေ သတင်းဆုတွေ ဘာတွေတောင် ပေးပါ့မယ်။ 
ဆရာကိုယ်တိုင်ကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ်တာတွေ ရှိတယ် မဟုတ်လား ဆရာ။ ဆရာ့ရဲ့
 ယခင်ကထုတ်ခဲ့တဲ့ စာအုပ်တွေကိုလည်း ပြန်ပုံနှိပ်ထုတ်ဝေခွင့်တွေ ပေးနေတယ် 
မဟုတ်လား ဆရာ။ ဘယ်လိုလဲ။ 
"မိတ်ဆွေတွေကိုယ်တိုင်က
 အခုအစိုးရက ခွင့်ပြုတဲ့ အဲသည်သတင်းမီဒီယာဆုအဖွဲ့တို့ ဘာတို့မှာ 
ဝင်ပါနေကြတာကို တွေ့နေရပါပြီ။ တချို့က ကျနော့်ကို လာပြောပါတယ်။ ဆရာ … 
ကျနော့်ရဲ့ ဂုဏ်သိက္ခာကော ဘာကော ရင်းပြီး ကျနော့်တိုင်းပြည်ကောင်းမယ်ထင်လို့
ရှိပါတယ်။ ကျနော်ကတော့ မလုပ်နိုင်သေးဘူးကွာလို့ ပြောလိုက်တယ်။ ဆိုလိုတာက 
အခုအချိန်မှာ သူ့နေရာနဲ့ သူ၊ သူ field နဲ့ သူ လုပ်နေကိုင်နေ စနေတဲ့သူတွေက 
စနေကြပြီလို့ ပြောရမလို ဖြစ်နေတယ်။" 
ဒါပေမယ့်လည်း
 ကျနော်တို့ပြည်သူတွေအတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီ၊ 
ကွန်ယက်တွေ တစိုက်မတ်မတ် တောင်းဆို ရပ်တည်နေတဲ့အချက်တွေဖြစ်တဲ့ ၁။ 
နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့၊ ၂။ 
ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေ၊ ဒုက္ခသည်တွေ လုံခြုံအေးချမ်းစွာ 
အိမ်ပြန်လာနိုင်ဖို့။ ပြီးတော့ ၃။ ပြည်တွင်းစစ်ရပ်စဲရေး၊ 
ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ကို မျက်ခြေမပြတ်ဘဲ 
တောက်လျောက် စွဲကိုင်နေရမှာပဲလို့ ပြောချင်တယ် ဆရာ။ ဒါတွေကို 
အချိန်ဆွဲနေတာနဲ့အမျှ ရှောင်ကွင်းနေတာနဲ့အမျှ တိုင်းပြည်မှာ 
ရင်ဆိုင်နေရတဲ့ အခြားသော အထွေထွေအကြပ်အတည်း အခက်အခဲများကို 
ဖြေရှင်းနိုင်ရေးကိုပါ ထိခိုက်စေတယ်၊ သံသယတွေ တင်းမာမှုတွေဆက်လက် 
မွေးမြူနေသလို ဖြစ်တယ်လို့ ကျနော်တို့ကတော့ မြင်တယ်ဆရာ။  
"ဟုတ်ပါတယ်။
 ကျနော်တို့ဖက်က စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အမြင်ရှင်းရှင်းနဲ့ 
အင်အားတွေ စုစည်းပြီး ဆက်သွားကြရမယ်လို့ပဲ ပြောချင်ပါတယ်။ 
စိုက်လိုက်မတ်တပ်နဲ့ ဆက်စပ်ပြီး လုပ်ကြရမယ်။ ရပ်တည်ကြရမယ်လို့ မြင်တယ်။ " 
ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။ 
Meeting with UNHRC and NLD Members (August 24th 2011, Suu's home, Yangon)  
 | 
No comments:
Post a Comment