KNU နှင့် ဆွေးနွေးရန် အစိုးရကိုယ်စားလှယ်စေလွှတ်
အစိုးရ နှင့် 
လက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်း ဆွေးနွေးကြမည် မဟုတ်ဘဲ တပ်ပေါင်းစုအနေဖြင့်သာ 
ဆွေးနွေးနိုင်မည်ဟု KNU ဒု ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောသည် (ဓာတ်ပုံ - 
ဧရာဝတီ)
26 August 2011, 
အစိုးရက ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် 
ဘာသာရေး ခေါင်းဆောင်များကို မကြာသေးမီက တာဝန်ပေး လိုက်သည်ဟု 
ကရင်တိုင်းရင်းသား နိုင်ငံရေးသမား တဦးက ဧရာဝတီကို ပြောသည်။ 
ကရင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းက စီစဉ်ခြင်း 
ဖြစ်သည်ဟု ဆိုသည်။ "ဒီရက်ပိုင်း အတွင်းမှာပဲ KNU နဲ့ ဆွေးနွေးဘို့ 
ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ကရင်ဘာသာရေး ခေါင်းဆောင်တွေကို စေလွှတ်ဖို့ 
စီစဉ်ထားတယ်။ ဒီတခါ လုပ်မယ့် ငြိမ်းချမ်းရေးက ပြည်နယ် အဆင့်က လုပ်မှာ 
ဖြစ်တယ်။ အဲဒီ ကိုယ်စားလှယ်အဖွဲ့မှာ ကျနော့်မိတ်ဆွေ ဘုန်းတော်ကြီးတွေလည်း 
ပါတယ်" ဟု ကရင်နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင်က ပြောသည်။ 
နောက်ဆုံး ရရှိသည့် သတင်းအရ ကရင်ပြည်နယ် ၀န်ကြီးချုပ်၏ ပဏာမ ကိုယ်စားလှယ် 
အဖွဲ့သည် ထိုင်းမြန်မာ နယ်စပ်ရှိ KNU အဆင့်မြင့် ခေါင်းဆောင် တချို့နှင့် 
ယမန်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။ 
သို့သော်လည်း KNU က အစိုးရ၏ အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း၊ 
တိုင်းရင်းသား အဖွဲ့များက အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရန် UNFC ခေါ် 
တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီကို ဖွဲ့စည်း ထားပြီး 
ဖြစ်ကြောင်း KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက ဧရာဝတီကို ပြောသည်။
 "မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ 
ဖက်ဒရယ်ကောင်စီ UNFC နဲ့ သွားပြောရင်တော့ ဖြစ်နိုင်တယ်။ KNU နဲ့တော့ 
တိုက်ရိုက် ပြောလို့ မရဘူး။ UNFC မှာ အခြေခံဥပဒေ ရှိတယ်။ ဒါကြောင့် 
ကျနော်တို့ ပယ်ချတာဖြစ်တယ်။ သူတို့ အရင်ကလည်း တဖွဲ့ချင်းစီကို လိမ်ညာနေတယ်၊
 တိုင်းရင်းသားတွေကို အနိုင်ကျင့် ဗိုလ်ကျနေတယ်" ဟု ပဒိုဒေးဗစ်သကဘောက 
ပြောသည်။ 
လက်နက်ကိုင် အဖွဲ့များကို သီးခြားစီ ဆွေးနွေးရန် ကြိုးပမ်းနေခြင်းမှာ 
ဖဲ့ထုတ် စည်းရုံးခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ မကြာသေးသမီက ကချင်လွတ်လပ်ရေး 
အဖွဲ့၊ မွန်ပြည်သစ်ပါတီ တို့ကလည်း KNU နည်းတူ တုံ့ပြန်ထားပြီးဖြစ်သည်။ UNFC
 တပ်ပေါင်းစုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် ဆက်စပ်အဖွဲ့ ၆
 ဖွဲ့ တို့က ယခုနှစ် ဖေဖေါ်ဝါရီလက စတင် ဖွဲ့စည်းခဲ့သည်။ 
သတင်းရင်းမြစ် - ဧရာဝတီ 











No comments:
Post a Comment