ပင်လုံစာချုပ်အတိုင်း နိုင်ငံရေးဆွေးနွေးရေး မြန်မာအစိုးရ လက်မခံ
24 August 2011, 
ပင်လုံစာချုပ်ကို အခြေခံသည့် နိုင်ငံရေး ဆွေးနွေး အဖြေရှာခြင်းကို 
လက်မခံကြောင်း မြန်မာ အစိုးရအဖွဲ့သစ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) 
ထံသို့ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက ပြန်ကြား လာသည်ဟု KIO 
အရာရှိများပြောသည်။ 
သက်တမ်း ၅ လရှိပြီဖြစ်သည့် မြန်မာ အစိုးရသစ်က အကယ်၍ KIO နှင့် နိုင်ငံရေး 
ဆွေးနွေးလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းသာ 
ဆွေးနွေးသွားမည်ဟု ရှင်းရှင်း လင်းလင်း ပြန်ကြား ထားသည်ဟု ဆိုသည်။ 
KIO ၏ တောင်းဆိုချက်များ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင် ထည့်သွင်း
 ထားခြင်းမရှိဟုဆိုကာ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ နိုင်ငံရေး 
ဆွေးနွေးမှု မပြုနိုင်ဟု KIO အရာရှိများ ဘက်ဆိုသည်။ တာပိန်ရေကာတာ လုံခြုံရေး
 အကြောင်းပြချက်ဖြင့် ဇွန် ၉ ရက်တွင် မြန်မာအစိုးရ တပ်က 
ဗန်းမော်ခရိုင်ထဲရှိ KIA စစ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ရာမှ 
နှစ်ဖက်ကြား ၁၆ နှစ်ကျော်ကြာ အပစ်အခတ် ရပ်ဆိုင်းရေး ပျက်ပြားခဲ့သည်။ 
ယင်းသည် ပြည်ထောင်စု လွှတ်တော်က ကြေညာခြင်း မရှိဘဲ မြန်မာအစိုးရ စစ်တပ်က KIA
 ကို ထိုးစစ် ဆင် တိုက်ခိုက် ခဲ့ခြင်းလည်း ဖြစ်သည်။ ဆယ်စု တစုကျော် 
အပစ်အခတ် ရပ်ဆိုင်းရေး ကာလအတွင်း ဗမာတိုင်းရင်းသားများ ချုပ်ကိုင်သော 
နိုင်ငံတော်အစိုးရ က KIOနှင့် နိုင်ငံရေး ဆွေးနွေး အဖြေရှာခြင်း 
မပြုလုပ်ခဲ့ပါ။ 
စစ်အစိုးရ အလိုကျ ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုပြီးသည့်နောက် KIO 
နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို မြန်မာ 
စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Force) သို့မဟုတ် 
ပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သည်။ 
မြန်မာအစိုးရ အဆက်ဆက်နှင့် KIO ကြား နှစ်ဖက် သီးသန့် တွေ့ဆုံ 
ဆွေးနွေးမှုများမှ တဆင့် တစ်ကြိမ်မျှ နိုင်ငံရေး ဆွေးနွေးမှု အောင်မြင်ခြင်း 
မရှိခဲ့သဖြင့် ရှေ့ဆက်ကာ နိုင်ငံရေး ဆွေးနွေးဖို့ရန် ညီညွတ်သော 
တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) အနေဖြင့်သာ 
ပင်လုံနှစ်သာရကို အခြေခံကာ မြန်မာအစိုးရနှင့် ဆွေးနွေး သွားမည်ဟု KIO 
အထွေထွေအတွင်းရေးမှူး ၂ ဆလန်ကဘား လာနန် က ပြောသည်။ 
တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံကို ဗမာ၊ 
ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ က သမိုင်းဝင် ပင်လုံစာချုပ်ကို 
လက်မှတ်ရေးထိုးပြီး ထူထောင်ခဲ့သည်။ ယင်း စာချုပ်အားဖြင့် ၁၉၄၈ ခုနှစ်တွင် 
အင်္ဂလိပ် အစိုးရထံမှ လွတ်လပ်ရေး ရယူခဲ့သည်။ သို့သော် နိုင်ငံတော် အာဏာအား 
ဗမာတိုင်းရင်းသားများက ယခုချိန်ထိ ချုပ်ကိုင်ထားသည်။ ယနေ့အထိ နှစ် ၆၀ 
ကျော်ကြာ မြန်မာအစိုးရ အဆက်ဆက်က ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်နှင့် စစ်မှန်သော 
ဖယ်ဒရယ် ပြည်ထောင်စုအတွက် လက်နက်ကိုင် တော်လှန်နေကြသည့် တိုင်းရင်းသား 
အဖွဲ့အစည်းများကို နိုင်ငံရေး ဆွေးနွေးရန် ငြင်းဆန်နေဆဲဖြစ်သည်။
 သြဂုတ် ၁၈ ရက်နေ့တွင် မြန်မာအစိုးရသစ်က တိုင်းရင်းသား လက်နက်ကိုင် 
အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် လိုက်သည်။ သို့သော် 
ပင်လုံစာချုပ်အား ထည့်သွင်း စဉ်းစားထားခြင်း မပါဘဲ တိုင်းရင်းသား 
လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းသာ ဆွေးနွေး ရမည်ဟု ဆိုသည့် ငြိမ်းချမ်းရေး 
ဖိတ်ခေါ်ချက်အား UNFC ၏ လက်ရှိ ဥက္ကဌ တာဝန်ယူထားသည့် KIO အဖွဲ့က ပယ်ချထားသည်။
Copy from -  kachinnews











No comments:
Post a Comment