မြန်မာအစိုးရသစ်နဲ့ သတိထားဆက်ဆံဖို့ အိန္ဒိယကိုတိုက်တွန်း
အိန္ဒိယ
 အပြည်ပြည်ဆိုင်ရာ စင်တာ IIC မှာ ဒီနေ့ ညနေကကျင်းပခဲ့တဲ့ Democratization 
and Reconciliation: Burma at Crossroads ဆွေးနွေးပွဲ (ဓာတ်ပုံ - ဧရာဝတီ)
ဒီဆွေးနွေးပွဲမှာ လက်ရှိ 
ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေပေါ် မူတည်ပြီး ၂၀၁၀ 
ရွေးကောက်ပွဲ အပြီးပေါ်လာတဲ့ အစိုးရသစ်ကို ယုံကြည်မှု မလွန်ကဲဖို့၊ သတိထား 
ဆက်ဆံဖို့ အိန္ဒိယရောက် မြန်မာအတိုက်အခံတွေက အိန္ဒိယအပါအ၀င် နိုင်ငံတကာ 
အသိုင်းအ၀ိုင်းကို တိုက်တွန်း ပြောဆို လိုက်ပါတယ်။
 
အင်အားကြီး ဒီမိုကရေစီနိုင်ငံကြီး 
ဖြစ်တဲ့ အိန္ဒိယ အနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ  ဖြစ်နေတဲ့ 
အခြေအနေတွေကို အမှန်အတိုင်း သိရှိ နားလည်ဖို့ လိုအပ်တယ်၊ 
မြန်မာ့ဒီမိုကရေစီရေး အတွက် အားပေးကူညီဖို့ တောင်းဆို ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို 
ထိုင်း-မြန်မာနယ်စပ်က မြန်မာအတိုက်အခံ အင်အားစုတွေ၊ အိန္ဒိယရောက် 
မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အိန္ဒိယ 
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပညာရှင်တွေ တက်ရောက် ဆွေးနွေး ခဲ့ကြပါတယ်။
-----
ဒေါ်ရှယ်လီဆိုင်း
နိုင်ငံခြားရေးရာ တာဝန်ခံ
ကချင်အမျိုးသမီးများအဖွဲ့ (ထိုင်းနိုင်ငံ)
နိုင်ငံခြားရေးရာ တာဝန်ခံ
ကချင်အမျိုးသမီးများအဖွဲ့ (ထိုင်းနိုင်ငံ)
ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား ဒေသတွေမှာ လတ်တလောဖြစ်နေတဲ့ ထိုးစစ် တွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေတွေ၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားမှု အခြေအနေ၊ မြန်မာအစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လုပ်ဆောင် နေမှုတွေ၊ နယ်ခြားစောင့် တပ်လုပ်ဖို့ သဘောမတူတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေမှု အခြေအနေတွေကို တင်ပြပြီး အိန္ဒိယလို အိမ်နီးချင်း နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို လေးစားသောအားဖြင့်၊ လူသားချင်း စာနာသောအားဖြင့် မြန်မာအစိုးရကို စစ်ရေးအရ ကူညီ ထောက်ပံ့မှုတွေ မပေးဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ်တွေ အပြီးတိုင် ရပ်စဲအောင် မြန်မာအစိုးရကို ဖိအားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
-----
ဦးညိုအုန်းမြင့်
နိုင်ငံခြားရေးရာတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
နိုင်ငံခြားရေးရာတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
မြန်မာနိုင်ငံက လက်ရှိ အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်လာတဲ့ စစ်အစိုးရ ကျောထောက် နောက်ခံ အစိုးရသာ ဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ လတ်တလော အခြေအနေတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်က တွေ့ဆုံတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ခေါ်တာ၊ ကုလသမဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး ကင်တားနားကို မြန်မာပြည်လာဖို့ ဖိတ်ခေါ်တာ စတဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီ စနစ်ဖြစ်ထွန်း လာပြီလို့ ယတိပြတ်ပြောလို့ မရသေးပါဘူး။ အိန္ဒိယ အစိုးရအနေနဲ့ အစိုးရသစ်ကို ယုံကြည် စိတ်ချပြီး မြန်မာ့အရေး နှုတ်ဆိတ် နေမှာမျိုး မလုပ်သင့်ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေ၊ အထူးသဖြင့် တရုတ်အစိုးရက မြန်မာနိုင်ငံထဲမှာ စီးပွားရေး ရင်းနှီးမြုပ်နှံတာတွေ လုပ်နေသလို အိန္ဒိယကလည်း လုပ်လာ နေကြတဲ့အခါမှာ စီးပွားရေး တခုထဲကိုပဲ မကြည့်ပဲ မြန်မာပြည်သူတွေအတွက် ထည့်သွင်း စဉ်းစားဖို့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ လိုအပ်ပါတယ်။ စစ်အစိုးရ ကျောထောက် နောက်ခံ အစိုးရသစ်ရဲ့ ကစားကွက်အပေါ် ခြေလှမ်းမှား မနင်းမိဖို့ သတိမူ သင့်ပါတယ်။ မြန်မာနိုင်ငံအပေါ် ထားတဲ့ အိန္ဒိယရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။
------
ဒေါ်ခင်ဥမ္မာ
နိုင်ငံခြားရေးရာတာဝန်ခံ
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)
နိုင်ငံခြားရေးရာတာဝန်ခံ
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)
နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ရင် ထိထိရောက်ရောက် သေသေချာချာ စဉ်းစားပြီး လုပ်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲပြီး အစိုးရသစ် တက်လာပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရဖြစ်လာပြီလို့ ထင်မြင်မှုတွေနဲ့အတူ မြန်မာနိုင်ငံဟာ ဈေးကွက်သစ် တခုဖြစ်လာ နေပါတယ်။ ဥပမာ အားဖြင့် တရုတ်နိုင်ငံ ဆိုရင် မြန်မာနိုင်ငံက သယံဇာတတွေ၊ သဘာဝ အရင်းအမြစ် တွေကို ပုံစံ အမျိုးမျိုးနဲ့ ရယူဖို့ ကြိုးစား နေတာတွေက အားလုံး အသိပါပဲ။
နိုင်ငံတကာက မြန်မာ့အရေးကို စောင့်ကြည့် နေပါတယ်၊ စောင့်ကြည့် နေပါတယ်သာ ပြောနေတာ အချိန်တွေ ကြာလာတာနဲ့အမျှ ပြည်သူတွေ ဖိနှိပ်ခံ နေရတာတွေက တနေ့တခြား ပိုလို့သာ များလာပါတယ်။ ဒီအာဏာရှင်တွေနဲ့ ဆက်ဆံတဲ့အခါ ကလေးကစားသလို မလုပ်ဖို့ လိုပါတယ်။ သတိနဲ့ဆက်ဆံဖို့ လိုပါတယ်။ အခုဖြစ်နေတဲ့ ပြည်ပရောက် နိုင်ငံသားတွေကို ပြန်ခေါ်နေတဲ့ ကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေဟာ ပွင့်လင်း မြင်သာမှု မရှိသလို ဒီလိုအဖြစ်အပျက် တွေရဲ့နောက်မှာ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းခိုင်း နေတာတွေ၊ အာဆီယံမှာ ဥက္ကဌ နေရာရဖို့ ကြိုးပမ်းတာ စတာတွေကို ကြည့်ခြင်း အားဖြင့် သူတို့ဟာ ကိုယ့်အကျိုး စီးပွားတခုကိုပဲ ကြည့်တဲ့သူတွေ ဆိုတာ မမေ့သင့်ပါဘူး။
အိမ်နီးချင်း လည်းဖြစ်၊ ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီး နိုင်ငံတခုလည်းဖြစ်တဲ့ အိန္ဒိယ အနေနဲ့သာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးခဲ့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေး လုပ်နေတဲ့ သူအားလုံး အားရကြမှာပါ။
-----
Prof. Baladas Ghoshal
ဧည့်ပါမောက္ခ
နိုင်ငံရေး သုတေသနဌာန၊ Jamia Milia Islamia University
ဧည့်ပါမောက္ခ
နိုင်ငံရေး သုတေသနဌာန၊ Jamia Milia Islamia University
မြန်မာနိုင်ငံအတွက် အမျိုးသား 
ရင်ကြားစေ့ရေးက အရေးအကြီးဆုံး ဖြစ်လို့ ဒါကို လုပ်ကို လုပ်ရမယ်။ ဒီအတွက် 
အစိုးရဖက်ကရော အတိုက်အခံတွေ ဖက်ကရော နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့
 လိုတယ်။ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေး အတွက်က အင်မတန် ခက်ခဲလိမ့်မယ်။ 
နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ကလည်း မဖြစ်မနေ လိုအပ်တယ်။ 
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် 
ဖြစ်ရေးတခုကိုပဲ ဦးစားပေး နေရင်တော့ အဆင်ပြေမယ်လို့  ကျနော်မထင်ဘူး။ 
ကျနော့် အမြင်မှာတော့ ဒါက အတိတ်မှာ ကျန်ခဲ့ပြီးသား ဆိုတော့ ဒါကို 
ပြန်တောင်းဆို နေဖို့ကို ခက်ခဲလိမ့်မယ်။ မြန်မာ့ နိုင်ငံရေးမှာက 
ဒေါ်အောင်ဆန်းစုကြည်က အခရာ ဖြစ်တယ်။ သူမ အနေနဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး 
အခင်းအကျင်းတွေမှာ မားမားမတ်မတ် ရပ်တည်ပြီး အစိုးရကို ဦးဆောင် 
သွားနိုင်ဖို့အတွက် ကြိုးပမ်း သွားဖို့ လိုနေတယ်။ ဒီအတွက်ကတော့ အချိန်တွေ 
အများကြီး ပေးရလိမ့်မယ်။
မြန်မာ အစိုးရအနေနဲ့ နိုင်ငံရေး 
အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက် နေမှုတွေကို ရပ်တန့်
 ပေးဖို့ တောင်းဆိုပြီး ဒါတွေ လုပ်မယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေ 
ပြန်ဖွင့်ပေးမယ် ဆိုတာမျိုး ကုလသမဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက 
သိမ်းသွင်း စည်းရုံး ပြောဆိုမှုကို ထိထိရောက်ရောက် လုပ်သင့်တယ်။
-----
ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)
မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ 
အနေအထားကို ကျနော်တို့အမြင် ရှုထောင့်ကနေ  တင်ပြခွင့် ရသလို၊ အိန္ဒိယ 
ဖက်ကလည်း ဒီအပေါ်ကနေ သူတို့ အစိုးရကို တစုံတရာ ပြောနိုင် လိမ့်မယ်လို့ 
ယူဆပါတယ်။
သူတို့ဖက်ကလည်း အကြံပေးချက်တွေကတော့ အမျိုးမျိုး 
ရွိတယ္ခင္မ်။ အတွေ့အကြုံများတဲ့ သူတွေကတော့ အိန္ဒိယရဲ့ မြန်မာနိုင်ငံ 
အပေါ်ထားတဲ့ ပေါ်လစီဟာ အိန္ဒိယက တန်ဖိုး ထားအပ်တဲ့ ပဋိညာဉ်တွေက 
အရေးကြီးတယ်ဆိုတဲ့ အချက်နဲ့၊ နောက်တခါ မြန်မာ အစိုးရပေါ့လေ ဘယ်လိုဖြစ်ဖြစ် 
 နာမည်ဖြစ်ဖြစ် အ၀တ်အစားဖြစ်ဖြစ် ပြောင်းထားတယ် ဆိုပေမယ့် အိန္ဒိယမှာရှိတဲ့ 
သမတနဲ့ ၀န်ကြီးချုပ်နဲ့ပြောတာ မဟုတ်ပဲနဲ့ တခြားသော အဆင့်တွေမှာလည်း 
တွဲပြီးတော့ စကားပြောကြဖို့ အကြံပေးတာ တော်တော် ကောင်းပါတယ်။ ဥပမာ 
အခုတက်လာတဲ့ လွှတ်တော် အမတ်တွေက ဘယ်လို တက်လာတက်လာ အမတ်ဖြစ်နေတော့ 
အိန္ဒိယအမတ်တွေနဲ့ လာပြောဖို့ ဖိတ်သင့်တယ် ဆိုတဲ့ အကြံပေးတာမျိုးပေါ့။ 
နောက်တခုက မြန်မာပြည်မှာ ပညာရှင်တွေက နေရာတနေရာ  ရလာတယ်ဆိုတဲ့အနေအထားမျိုး 
ရှိတော့ အိန္ဒိယ ပညာရှင်တွေနဲ့လည်း စကားပြောပြီး အတွေ့အကြုံ ဖလှယ် 
နိုင်ကြရင်တော့ နိုင်ငံ အကျိုးရှိမယ်လို့ အကြံပေးကြတယ်။ 
-----
ဆွေးနွေးပွဲလာတဲ့ အခြားသော 
မြန်မာ့အရေး စိတ်ဝင်စားသူတွေ၊ လူမှုရေး၊ လူ့အခွင့်အရေး  လှုပ်ရှား သူတွေကလည်း
 မြန်မာ အတိုက်အခံတွေ အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေအပြင်  အနောက် 
နိုင်ငံတွေကိုလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လှုံဆော် စည်းရုံးမှုတွေ 
တိုးမြင့် လုပ်သွားဖို့လိုတဲ့ အကြောင်း၊ ကိုယ့်နိုင်ငံ အရေးကို သူတပါး 
နိုင်ငံတွေက ၀င်ရောက် ဖြေရှင်းပေးတဲ့အခါမှာ  ဖြစ်လာမယ့် အကျိုးအပြစ် 
တွေကိုလည်း သတိမူ သင့်တဲ့အကြောင်း၊ အိန္ဒိယ အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ပဲ 
တွေ့ဆုံ ဆွေးနွေးတာတွေ မလုပ်ပဲ၊ တခြားသော ပါတီဝင် အမတ်တွေ၊ အတိုက်အခံ 
တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့ လိုတဲ့အကြောင်း စတာတွေကို ဆွေးနွေး 
ပြောဆိုခဲ့ကြပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ
















No comments:
Post a Comment