လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ

မြန်မာပြည်၏ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ (ဓာတ်ပုံ - FORBES ASIA မဂ္ဂဇင်း)
အဆိုပါ တွေ့ဆုံခန်းတွင် ဦးတေဇက အနောက်နိုင်ငံ အစိုးရများ ပြောဆိုနေသကဲ့သို့ လက်နက်ကုန်သည်တဦး မဟုတ်ကြောင်း၊ လူအများက ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်အဖြစ် ပြောဆိုနေမှုသည်လည်း ကောလာဟလများသာ ဖြစ်၍ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။
“လက်နက်ကုန်သည်မဟုတ်ဘူး။ ဟယ်လီကော့ပတာ တမျိုးပဲ စစ်တပ်ကို ရောင်းတာ။ ကျည်ဆန်တွေ သေနတ်တွေ ဘယ်တော့မှ အရောင်း အ၀ယ်မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက်လည်း မဟုတ်ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။
ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။
ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။