စစ်တွေတွင် ရဟန်းတော်များ ညဥ့်အချိန်တွင် ဖမ်းဆီး စစ်ဆေးခံနေရ
9/25/2011,
စစ်တွေတွင် ရဟန်းတော် တချို့ကို ညဥ့်အချိန်တွင် အာဏာပိုင်များက 
ကျောင်းတိုက် အတွင်း ၀င်ရောက် ဖမ်းဆီးကာ အမည်မသိသော နေရာသို့ ခေါ်ယူ 
စစ်ဆေးနေကြောင်း သတင်း ရရှိသည်။ 
စက်တင်္ဘာလ ၂၃ ရက်နေ့ ညဥ့်သန်ခေါင်ကျော် (၂) နာရီ အချိန်တွင် အာဏာပိုင်များက 
လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ စစ်တွေ ပုသိမ်ကျောင်းတိုက်သို့ 
ဝင်ရောက်လာပြီး ဦးဇင်း ကေသာရနှင့် အတူ တခြား ရဟန်းတော် နှစ်ပါးအား ဖမ်းဆီး
 ခေါ်ဆောင် သွားကြောင်း အမည်မဖေါ်လိုသူ အခန်းဖေါ် ရဟန်းများက ပြောသည်။ 
အဆိုပါ ရဟန်း သုံးပါးကို ဖမ်းဆီးစဉ် ရခိုင်ပြည်နယ် လုံခြံရေးနှင့် 
နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ဒကစမှူးလည်းဖြစ် 
ဒုတိုင်းမှူးလည်း ဖြစ်သော ဒုဗိုလ်မှူးကြီး မျိုးမင်းဆွေ တို့ ဦးဆောင် 
ပါဝင်ကြောင်း သိရသည်။ အဆိုပါ သံဃာ သုံးပါးထဲမှ နှစ်ပါးကို အဆိုပါနေ့ 
ညနေပိုင်းတွင် ပြန်လွှတ် ပေးလိုက်ပြီး ဦးဇင်း ကေသာရကိုမူ ယခု အချိန်ထိ 
အမည်မသိ နေရာတွင် ချုပ်နှောင် ထားကြောင်း သတင်း ရရှိသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမည်မဖေါ်လိုသူ အခန်းဖေါ် ရဟန်းတော်က ယခုလို 
ပြောကြားသည်။ " ဦးပဇင်း ကေသာရက ၇၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့မှာ 
စစ်တွေ ဦးဥတ္တမ ပန်းခြံမှာ မေတ္တာသုတ်ကို ဦးဆောင်ရွက်ဆိုခဲ့တဲ့ 
ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အခု ဖမ်းတာက ရွှေဝါရောင် (၄) နှစ်မြောက် လှုပ်ရှားမှုကို
 ဖေါ်ဆောင်မယ် ဆိုပြီး သတင်းရသွားတဲ့ အတွက် ဖမ်းဆီး ခေါ်ဆောင် သွားတာ 
ဖြစ်တယ်လို့ သိရပါတယ်" ဟု ပြောသည်။ 
အဆိုပါ ဦးကေသာရ ဖမ်းဆီးခံရမူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ကျောင်းတိုက်မှ ဦးဇင်း တစ်ပါးက ယခုလို ပြောကြားသည်။ 
" ဖမ်းသွားတာ ဟိုတစ်နေ့က ဖြစ်ပါတယ်။ ဖမ်းတာကတော့ ဦးဥတ္တမနေ့ လုပ်လို့ 
ဖမ်းတယ်လို့ သိရတယ်။ အခု ဘယ်ရောက်နေတယ်ဆိုတာ ဆရာတော်ဘဲ သိပါလိမ့်မယ်။ 
ဆရာတော်ကိုဘဲ မေးပါ။ ဦးဇင်းတို့ မသိဘူး" ဟု ပြောသည်။ 
နိရဉ္စရာမှ ဆက်လက်ပြီး ပုသိမ်ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်အား မေးမြန်းရာ ဆရာတော်က ယခုလို မိန်းကြားသည်။ 
" ဖမ်းတာတော့ မဟုတ်ပါဘူး။ အခု ကေသာရကို တခြားနေရာ တစ်ခုကို လွတ်လိုက်ပါပြီ။
 သူတို့ကို လူတွေက မျက်စေ့ကျနေတဲ့ အတွက် လုံခြုံတဲ့ နေရာ တစ်ခုကို 
ပို့ထားလိုက်တာပါ။ ဒီမှာနေရင် ပြဿနာတွေ ရှိနေတဲ့ အတွက် နေရာ တစ်ခုကို 
ပို့ထားလိုက်ပါတယ်။ ပြဿနာက ရှိလို့ဘဲ။ ဘယ်ပြဿနာဆိုတာ ပြောမကောင်းဘူး။ 
ဘယ်နေရာမှာ ရှိနေတယ် ဆိုတာလည်း မပြောနိုင်ဘူး။ တခြား သတင်းဌာနတွေကိုလည်း 
ပြောလိုက်ပါ။ ဖမ်းတာ မဟုတ်ပါဘူး " ဟု ဆရာတော်က ပြောသည်။ 
ဦးဇင်းကေသာရ မည်သည့် နေရာသို့ ရောက်ရှိနေကြောင်းကို မည်သူမျှ မသိရဘဲ 
ဖြစ်နေကြောင်းနှင့် ဖမ်းဆီးပြီးနောက်ပိုင်း အာဏာပိုင်များက နယ်နှင်ဒဏ် 
ပေးလိုက်ပုံရသည်ဟု နိုင်ငံရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။ 
ဦးဇင်းကေသာရအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ဆရာဦးဥတ္တမနေ့က စစ်တွေတွင် 
ရဟန်းတော်များ ဦးဆောင်ပြီး ဦးဥတ္တမ ပန်းခြံသို့ ချီတက်ခဲ့သဖြင့် ဖမ်းဆီး 
ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း စစ်တွေတွင် သတင်း ဖြစ်နေသည်ဟု သိရသည်။ 
Copy from - narinjara.com











No comments:
Post a Comment