မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒပြ
မြစ်စုံရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ မလေးရှား (ဓာတ်ပုံ-ဒီဗွီဘီ) 
September 22, 2011 ,
ကချင်ပြည်နယ်တွင်းက မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်တန့်ဖို့ 
မလေးရှားနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက မြန်မာ အစိုးရကို 
တောင်းဆို လိုက်ပါတယ်။ 
ဒီကနေ့ မနက် ၁၀ နာရီခန့်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က 
မြန်မာသံရုံးမှာ မြန်မာနိုင်ငံသား ၁၀၀ နီးပါး ပိုစတာတွေ အလံတွေ 
ကိုင်ဆောင်စုရုံးပြီး “မြစ်ဆုံစီမံကိန်း – ချက်ချင်းရပ်၊ နိုင်ငံရေး 
အကျဉ်းသား ချက်ချင်းလွှတ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး – 
ချက်ချင်းလုပ်၊ “ဒီမိုကရေစီ ရရှိရေး- ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ 
ဆန္ဒပြခဲ့ကြတာပါ။ မလေးရှားရဲက သံရုံးရှေ့မှာ ခွင့်မပြုလို့ သံရုံးဘေးက 
ပလက်ဖောင်းမှာ ဆန္ဒပြခဲ့ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။ 
မလေးရှား နိုင်ငံရေး အင်အားစုတွေဖြစ်တဲ့ ဇိုမီးအမျိုးသမား ကွန်ဂရက်၊ 
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
(လွတ်မြောက်နယ်မြေ) ကချင်အမျိုးသား အစည်းအရုံး စတဲ့အဖွဲ့ လေးဖွဲ့က 
ဒီဆန္ဒပြပွဲကို ဦးဆောင်တာပါ။ 
ဆန္ဒပြ ဦးဆောင်သူတဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
(လွတ်မြောက်နယ်မြေ) ရုံး အဖွဲ့မှူး ကိုဇော်မြင့်က ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကို 
ခုလို ပြောပါတယ်။ 
“ဧရာဝတီဆိုတာ ကျနော်တို့ ပြည်သူတွေပိုင်တဲ့ ရတနာတခု။ ဧရာဝတီမရှိရင် ကျနော်တို့မှာ သမိုင်းမရှိဘူး။ 
ဧရာဝတီမရှိရင် ကျနော်တို့ရဲ့ ယဉ်ကျေးမှု မရှိဘူး။ နောက်ဆုံး ကျနော်တို့ရဲ့ 
ဝိညာဉ်တွေပါ မရှိဘူးလို့ ခံယူတဲ့အတွက် ဧရာဝတီ ပျက်စီးဆုံးရှုံးမှာကို 
လုံးဝမခံနိုင်ဘူး။ “ဧရာဝတီကို လူတစုရဲ့ ကိုယ်ကျိုးရှာတဲ့ ရည်ရွယ်ချက်တွေနဲ့
 ဖျက်ဆီး အနိုင်ကျင့်နေတာကို ကျနော်တို့ ပြည်သူတွေ 
လက်ပိုက်ကြည့်မနေနိုင်သလို ပြည်ပကပါ ပံ့ပိုး ဖိအားပေးနေတာပါ” လို့ 
ပြောပါတယ်။ 
`ပညာရှင်တွေ ဦးဆောင်ပြီး ပြည်သူတွေက ဒီစီမံကိန်းကို သုံးသပ်ဖို့ 
ပြောဆိုနေချိန်မှာ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက စီမံကိန်းကို 
ဆက်လုပ်မှာပါလို့ ပြောဆိုထားပါတယ်။ 
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ကိုဇော်မြင့်က “ဧရာဝတီ ပျက်စီးဆုံးရှုံးမယ့် 
အရေးကို ပြည်သူတွေက သဘောမတူလို့ မလုပ်ပါနဲ့လို့ ပြောနေတဲ့ကြားက ဘယ်ကောင် 
ဘာပြောပြော လုပ်မယ်ဆိုတဲ့ လမ်းဘေးက ဆိုက်ကားသမား မဟုတ်ဘဲ ၀န်ကြီးတန်မဲ့နဲ့ 
ဒီစကားပြောလိုက်တာ ကျနော်တို့ကို စော်ကားလိုက်တာပဲ” လို့ ပြောပါတယ်။ 
ဧရာဝတီ မြစ်ဆုံစီမံကိန်းရပ်ဖို့ အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ ရေးထားတဲ့ 
ကြေညာချက်ကို သံရုံးကို သွားပေးပေမယ့် လက်မခံလို့ သံရုံးစာတိုက်ထဲကို 
ထည့်ခဲ့တယ်လို့ ဆိုပါတယ်။ 
သတင်းရင်းမြစ် -  ဒီဗီဘီ











No comments:
Post a Comment