ပဒိုမန်းငြိမ်းမောင်ကို မြန်မာအာဏာပိုင် စစ်ကြောနေဟုဆို
September 6, 2011 ,
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တဦးဖြစ်တဲ့ 
ပဒိုမန်းငြိမ်း မောင်ကို မြန်မာ အာဏာပိုင်တွေက ဖမ်းဆီးထားပြီး 
ရန်ကုန် ရေကြည်အိုင် စစ်ကြော ရေးစခန်းမှာ စစ်ဆေး နေတယ်လို့ 
သတင်းရကြောင်း သူ့ဆွေမျိုးတဦးက ပြောပါတယ်။ 
မန်းငြိမ်း မောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်မှာ တရုတ်နိုင်ငံကို 
နှစ်ပတ်ကြာသွားပြီး ကူမင်း လေကြောင်းနဲ့ ထိုင်းနိုင်ငံကိုအပြန်မှာ 
ဗီဇာမရှိတာကြောင့် နှစ်နိုင်ငံ အပြန်အလှန် ပို့ဆောင်ခဲ့ပြီး ဇူလိုင် 
လကုန်ပိုင်းမှာ သူ့ကို တရုတ် အာဏာပိုင်တွေက မြန်မာနိုင်ငံကို 
ပို့လိုက်တာလို့ သူ့ဆွေမျိုးက ပြောပါတယ်။ 
မန်းငြိမ်းမောင်ကို မြန်မာ လူဝင်မှုကြီးကြပ်ရေးရုံး ကတဆင့် 
အောင်သပြေ စစ်ကြောရေး၊ မင်္ဂလာဒုံမြို့နယ်ရဲစခန်း၊ စသည်ဖြင့် 
အဆင့်ဆင့် ပို့ပြီးနောက် နောက်ဆုံးမှာ ရေကြည်အိုင် စစ်ကြောရေးကို
 ရောက်သွားတယ်လို့ သိရကြောင်း မန်းငြိမ်းမောင်ရဲ့ ဆွေမျိုးက 
ပြောပါတယ်။ ရေကြည်အိုင်မှာ စစ်ကြောမှု ကြမ်းတမ်း တဲ့အတွက် အသက် ၆၉ 
နှစ်ရှိပြီဖြစ်တဲ့ မန်းငြိမ်းမောင်အတွက် 
စိုးရိမ်စရာဖြစ်နေတယ်လို့လည်း ပြောပါတယ်။ 
“သူ့ကျတော့ နိုင်ငံရေးနဲ့ နွှယ်တယ်ဆိုတော့ အဲဒီမှာ 
ပေါ်သွားမယ်ထင်တယ်။ အဲဒါ ကြောင့် အဆင့်ဆင့် သူ့ကိုပို့တာက 
ပိုကြမ်းတဲ့ နေရာကိုပို့ပြီးတော့ သတင်းပိုရဖို့ လုပ်နေ သလိုမျိုး
 ဖြစ်နေမလား။ ရေကြည်အိုင်က စစ်ဆေး မေးမြန်းလို့ရှိရင် 
ပုံစံတော်တော်ကို ရက်ရက်စက်စက် စစ်ဆေး မေးမြန်းတဲ့နေရာ။ အဲဒါလည်း 
ကျနော် တို့အတွက် အတော်ကို အစိုးရိမ်ဆုံးဖြစ်တယ်။ သူ့မှာ 
အသက်လည်းကြီးတဲ့အပြင် ရောဂါလည်းရှိတယ်။ ကျန်းမာရေးလည်း 
ကောင်းတာမဟုတ်ဘူး။ သူကဘယ်လိုနည်းနဲ့မှ အကြမ်းခံပြီးတော့ 
မေးမယ့်မေးခွန်းတွေကို ရိုက်နှက် စစ်ဆေးတာတွေ 
ပုံစံအမျိုးမျိုးနဲ့ အပြစ်ပေးပြီးတော့ သတင်းထွက်လာအောင် 
ယူတာမျိုးတော့ ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး။ ဒီလူက ဒါမျိုး ဆို သေမှာပဲ။”
 
ကေအန်ယူ အမြဲတမ်း ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ဟာ ညီညွတ်သော 
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အမှုဆောင်နဲ့ 
အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု တွဲဖက်အတွင်းရေးမှူးလည်း 
ဖြစ်ပါတယ်။ 
မန်းငြိမ်းမောင်ဟာ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ် ၁၉၆၉ 
ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် တသက်တကျွန်း 
ထောင်ဒဏ်ချမှတ်ခံရပြီး ကိုကိုးကျွန်းမှာ အကျဉ်းကျဖူးပါတယ်။ 
အကျဉ်းကျဖော်နှစ်ဦးနဲ့အတူ လက်ဖြစ်လှေနဲ့ ပင်လယ်ဖြတ်ပြီး 
ကိုကိုးကျွန်းနဲ့ မိုင် ၂၅၀ အကွာ မွန်ပြည်နယ်ကမ်းခြေကို 
လွတ်မြောက်သွားပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်က ဖမ်းဆီးလို့ 
အင်းစိန်ထောင်မှာ ၃ နှစ်အကျဉ်းကျ တိုက်ပိတ်ခံခဲ့ရပြီး ၁၉၇၃ ခုနှစ်မှာ 
လွတ်မြောက်ခဲ့ပါတယ်။ မန်းငြိမ်းမောင်ဟာ မဆလခေတ်မှာ အဖမ်းခံရတုန်းက 
ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ 
နှိပ်စက်စစ်ဆေးခံခဲ့ရတဲ့အကြောင်းကို သူကိုယ်တိုင် ‘မုန်တိုင်းကို 
ဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ ဆိုတဲ့ စာအုပ်မှာ ထည့်သွင်းရေသားထားပါတယ်။
 
သတင်းရင်းမြစ် - ဒီဗီဘီ











No comments:
Post a Comment