ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံရေး ၈၈ ခေါင်းဆောင်တို့ တိုက်တွန်း
၂၀၀၇ ခုနှစ်က ရန်ကုန်မြို့ နိုင်ငံရေးလှုပ်ရှားမှု တခုတွင် တွေ့ရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ - AP) 
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ၀န်းရံ 
ပေးကြရန် အကျဉ်းကျနေသည့်  ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက 
တိုက်တွန်း လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အစိုးရသစ်၏ အသုံးချခံ 
မဖြစ်ရေးအတွက် ဂရုစိုက်ရန် သတိပေး လိုက်သည်။ 
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအခြေအနေ အချိန်အခါမှာ မှန်မှန်ကန်ကန် 
ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်တယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အခု 
ဆောင်ရွက် နေတာတွေကို ပိုပြီးအဆင်ပြေ ချောမွေ့စေဖို့အတွက် ဒီမိုကရေစီ 
အင်အားစု အားလုံးကို ဆက်လက် ထောက်ခံဖို့ တိုက်တွန်းတယ်” ဟု ကျောင်းသား 
ခေါင်းဆောင် ကိုဌေးကြွယ်က အမှာစကား ပါးလိုက်ကြောင်း သူ၏ ယောက်ဖ 
ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ယနေ့ ပြောပြသည်။ 
ကိုဖြိုးမင်းသိန်းသည် မကြာသေးမီက ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သည်ဟု သိရသည်။ 
ရှမ်းပြည်နယ်၊ မိုင်းဆတ် အကျဉ်းထောင်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင် 
ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံ 
ဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော ပြောဆိုမှုများသည် အမျိုးသား
 ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး 
အတွက် ပထမခြေလှမ်းဟု မှတ်ယူပြီး သတိနှင့် ကြိုဆိုလိုက်သည်ဟု သိရသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအတွက် ထားရှိသည့် ရိုးသားသည့် 
စေတနာကို အစိုးရသစ်က အသုံးချခြင်း မပြုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
 သတိရှိသင့်ကြောင်း ကိုကိုကြီးက  တိုက်တွန်းလိုသည်ဟု မိုင်းဆတ် 
အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။ 
၁၉၈၈ လူထုလှုပ်ရှားမှုကာလ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် 
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချို 
(ကိုဌေးဝင်းအောင်)၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ 
ကိုဉာဏ်လင်းမင်းနှင့်  ကိုအောင်နိုင် တို့သည် ၂၀၀၇ ခုနှစ်က 
လောင်စာဆီဈေးများ မြင့်တက်မှုကြောင့် ဆန္ဒပြခဲ့သည့် အတွက် ယခင်စစ်အစိုးရက 
ဖမ်းဆီးခဲ့သည်။ 
နောက်ပိုင်းတွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ စီ ချမှတ်ခြင်း ခံရပြီး နိုင်ငံ 
အစွန်အဖျားရှိ  ရာသီဥတု ဆိုးရွားသော ထောင်များ အပါအ၀င် နယ်ဘက် 
အကျဉ်းထောင်များသို့ ရောက်ရှိသွားသည်။ 
ယခုအခါ မိသားစု ထောင်ဝင်စာ သွားရောက် တွေ့ဆုံရန် ခက်ခဲခြင်း၊ ထောင်အတွင်း 
ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း တို့ကြောင့်  အခက်အခဲ များစွာ 
ကြုံတွေ့ နေကြရသည်ဟု သိရသည်။ 
ယခုအခါ ၎င်းတို့ကို ဖမ်းဆီး ထောင်ချခဲ့သော စစ်အစိုးရဟူ၍ မရှိတော့ဘဲ 
အရပ်သားအစိုးရ ပေါ်ပေါက် လာပြီ ဖြစ်သောကြောင့်  ဒီမိုကရေစီ ပြုပြင် 
ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့ကြသည့် ၈၈ မျိုးဆက် 
ခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း  မိသားစုဝင်များက 
ပြောသည်။
သတင်းရင်းမြစ် - ဧရာဝတီ











No comments:
Post a Comment