မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး
Tuesday, 06 September 2011,
လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း
ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက
မြန်မာ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ
ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း
ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည် ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ
လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေ ကောင်းတယ်ဆိုပြီး လေယာဉ်နဲ့
ပြန်တာ” ဟု ၎င်းက ဆိုသည်။ ရန်ကုန် လေဆိပ်တွင် ခေတ္တ မေးမြန်းရန်ဟုဆိုကာ
ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်း ရဲတပ်ဖွဲ့၏
အောင်သပြေ စစ်ကြောရေး စခန်းတွင် ထိန်းသိမ်း ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးစိန်ကျော်လှိုင်သည် ၀ါရင့် စာနယ်ဇင်း သမားတဦးဖြစ်ပြီး BBC အသံလွှင်
ဌာနတွင်လည်း စီးပွားရေး ဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက်
RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။ ဦးစိန်ကျော်လှိုင်သည် ယခင်
ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA
သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသား
ထုတ်လွှင့်နေသူဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က အကြောင်း အမျိုးမျိုးကြောင့် ပြည်ပရောက်
မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင်
အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစား ပေးမည်ဖြစ်ကြောင်း၊ ပြစ်မှု
ကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ် ခံယူမည်ဆိုလျှင်
သဘောထားကြီးစွာဖြင့် စဉ်းစား ပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇
ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးမှ
အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း
ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။ ပြည်တွင်းမှ
စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း
အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ
ပြန်လာဖို့ ဥပဒေ တွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ် ပြောဆိုသည်။
Copy from - irrawaddy.org
No comments:
Post a Comment