ဒီကေဘီအေတပ်ဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်း

September 7, 2011 
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းဖို့ ငြင်းဆိုခဲ့တဲ့ ဒီကေဘီအေ 
တပ်ဖွဲ့ဝင်တွေနဲ့ အသွင် ကူးပြောင်းပြီးမှ  ပြန်လည် ပူးပေါင်းလာတဲ့ 
ဒီကေဘီအေတွေ ပြန်လည် ပူးပေါင်းပြီး ဒီကေဘီအေကို ပြင်ဆင် 
ဖွဲ့စည်းလိုက်ပြီလို့ တပ်မှူးတဦးက ပြောပါတယ်။
အသစ်ပြန်ဖွဲ့တဲ့ ဒီကေဘီအေ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား 
တပ်မတော်) ကို ဗိုလ်ချုပ်နှုတ်ခမ်းမွှေး (ဗိုလ်ချုပ်စောလားဘွဲ) က 
ဦးဆောင်ပြီး ကလိုထူးဝါးနဲ့ ကလိုထူးလားဆိုတဲ့ စစ်ဗျုဟာ ၂ ခု စနစ်တကျ
 သတ်မှတ် လိုက်တယ်လို့ ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က 
ပြောပါတယ်။
“ဗျူဟာ ၁၊ ၂ဆိုပြီး ပြန်ဖွဲ့စည်းတယ်။ မြဝတီတောင်ပိုင်းနဲ့ 
မြောက်ပိုင်းဆိုပြီး ရှိတဲ့အတွက် ကိုယ်ကျရာဒေသမှာ စစ်သား ပီသစွာ 
တာဝန်ယူရမယ်၊ ပြည်သူတွေအပေါ်မှာ အနစ်နာခံ စာနာတတ်ဖို့ ညွှန်ကြားပါတယ်။ 
ပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး 
ကြံ့ဖွံ့အစိုးရကို တွန်းလှန်ဖို့ကိုလည်း အလေးနက်ထား 
ညွှန်ကြားခဲ့ပါတယ်။”
ကလိုထူးဝါး စစ်ဗျူဟာကို ဗိုလ်မှူးချုပ်ကျော်သက်က ဦးဆောင်ပြီး မြဝတီ၊ 
ကော့ကရိတ် တောင်ဘက်နေ ဘုရားသုံးဆူအထိ တာဝန်ယူမှာဖြစ်ပါတယ်။ 
ကလိုထူးလား စစ်ဗျူဟာကိုတော့ ဗိုလ်မှူးချုပ်စောဘိခို (ခေါ်) စောဘိ 
ဦးဆောင်ပြီး မြဝတီမြို့ မြောက်ဘက် မြိုင်ကြီးငူဒေသ၊ 
ဘားအံ-လှိုင်ဘွဲဘက်ကို တာဝန်ယူမယ်လို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။
ဗိုလ်မှူးချုပ် စောဘိခိုဟာ နယ်ခြားစောင့် တပ်အသွင်ပြောင်းပြီးမှ 
ဒီကေဘီအေနဲ့ တရားဝင် ပြန်ပူးပေါင်းပြီး အခုလို တာဝန် 
ပေးအပ်ခံရတာပါ။ ဒီကေဘီအေကို အထက်အမိန့် နာခံမှုနဲ့ တိတိကျကျ 
တာဝန်ကျေပွန်အောင် ခုလို ပြင်ဆင် ဖွဲ့စည်း တာပါလို့လည်း 
ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။
“စစ်တပ်ကို တသွေး တသံ တမိန့်နဲ့ သွားအောင် အဆင့်အဆင့် လေးလေးနက် 
နက် တာဝန်ယူတတ်အောင် ညွှန်ကြားနိုင်ဖို့အတွက် ဖွဲ့စည်းပေးလိုက်တာပါ။” 
စစ်ဗျူဟာ တခုကို တပ်ရင်း ၃ ရင်းစီနဲ့ ဖွဲ့စည်းထားပြီး ကွပ်ကဲရေး 
ဌာနချုပ်မှာ လုံခြုံရေးတပ်ရင်း ၂ ရင်း ပါရှိတယ်လို့ ဆိုပါတယ်။
ဒီကေဘီအေဟာ ကရင်အမျိုးသား အစည်းအရုံးနဲ့ စစ်ရေး၊ နိုင်ငံရေး 
ပူးပေါင်း ဆောင်ရွက်သွားမှာပါလို့လည်း ဗိုလ်မှူးဆန်းအောင်က 
ပြောပါတယ်။ 
သတင်းရင်းမြစ် - ဒီဗီဘီ










No comments:
Post a Comment